ထိုင်းနိုင်ငံတွင် အလွတ်သဘောဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ညှိနှိုင်းခဲ့သော်လည်း စစ်ကောင်စီဘက်က လက်မခံ

ထိုင်းနိုင်ငံတွင် အလွတ်သဘောဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ညှိနှိုင်းခဲ့သော်လည်း စစ်ကောင်စီဘက်က လက်မခံ

မဲဆောက်(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ်အနည်းငယ်ဖြင့် အလွတ်သဘော တွေ့ဆုံမှုများ သိုသိပ်စွာစတင်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ကအဆိုပြုခဲ့မှုအပေါ်တွင် စစ်ကောင်စီဘက်က လက်ခံခြင်းမရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့မှ အလွတ်သဘောတွေ့ဆုံရန်စာပို့ခဲ့ပြီးနောက်နေ့တွင် စစ်ကောင်စီဘက်မှ အဆင့်သင့်မဖြစ်သေးကြောင်းအကြောင်းပြန်ခဲ့သည်ဟု KNU/KNLA(PC)မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က မဇ္ဈိမသို့ပြောသည်။

“အစပျိုးမှုတစ်ခုအနေနဲ့ ကျနော်တို့ချဉ်းကပ်လုပ်ဆောင်တဲ့နေရာမှာ တစ်ဖက်ကတော့ လောလောဆယ် အခြေအနေအရတော့ အဆင်မပြေသေးဘူး၊ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ကျနော်တို့ဆီကို အကြောင်း ပြန်တာရှိပါတယ်” ၎င်းက ဆိုသည်။

အထက်ပါတိုင်းရင်းသား လက်နက်ကိုင်ခုနစ်အဖွဲ့အနေဖြင့် စစ်ကောင်စီနှင့်အလွတ်သဘောဆွေး‌နွေးနိုင် ရန် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ပေးပို့သည့်စာထဲတွင် ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ ၁၂ ရက်‌နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တစ်ဖက်လျှင် ကိုယ်စားလှယ်အနည်းငယ်ဖြင့် အလွတ်သဘောဆွေးနွေးမှုကို သိုသိပ်စွာစတင်လိုကြောင်း၊ ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၇ ရက်နေ့အတွင်း တောင်ကြီး(သို့)မော်လမြိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ် များ အလွတ်သဘောတွေ့ဆုံခြင်းနှင့် နှစ်ဖက်သဘောထားမှုများကို ညှိနှိုင်းဆွေးနွေးလိုကြောင်း အဆိုပြု ထားခြင်းဖြစ်သည်။

ထိုသို့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ပြီးပါက ဒီဇင်ဘာလ ၂၀ ရက်မှ ၂၁ ရက်နေ့အတွင်း ရန်ကုန်မြို့တွင် တရားဝင်ဆွေးနွေးမှုပြုလုပ်ပြီး ဆက်လက်ညှိနှိုင်းကာ ဘုံသဘောတူညီချက်များကို သင့်တော်သည့်နေရာတွင်စုပေါင်း၍ တရားဝင်လက်မှတ်ရေးထိုးကြရန်အတွက် အဆိုပြုသည့်စာကို ပေးပို့ ပြီး စစ်ကောင်စီဘက်က သဘောထားကိုတောင်းခံခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်ရခြင်းသည် နိုင်ငံရေးပြဿနာများဖြေရှင်းရေးအတွက် သက်ဆိုင်သူအားလုံးတွေ့ဆုံနိုင်ရန် ကြိုးစားသည့် ပထမအဆင့်ခြေလှမ်းဖြစ်ကြောင်း စောကျော်ညွန့်ကဆိုသည်။

“လှေကားတစ်ရာတက်ရမည့်ခရီးတစ်ခုအတွက် ပထမအဆင့်ကို ကျနော်တို့စတင်ပြီးတော့ ကြိုးပမ်းချဉ်း ကပ်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုအလွတ်သဘောတွေ့ဆုံရန် တောင်းဆိုခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့သည့် ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကောင်စီကဖိတ်ခေါ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နေပြည်တော်သို့ သွား ရောက်ဆွေးနွေးနေသည့် အဖွဲ့(၁၀)ဖွဲ့ထဲမှ ခုနစ်ဖွဲ့ဖြစ်သည်။

စစ်ကောင်စီဘက်က စစ်ခေါင်းဆောင်အပါအဝင် ငြိမ်းချမ်းရေးအဖွဲ့များနှင့် လက်ရှိအချိန်တွင် တရားဝင် နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီးဖြစ်သည့်အဖွဲ့များက အလွတ်သဘောတွေ့ဆုံရန်အတွက် အဆိုပြုခဲ့ကြခြင်း ဖြစ်သည်။

“နှစ်ကြိမ်လောက်တွေ့တာက တစ်ဖွဲ့ချင်းတွေ့တယ်။ သုံးဖွဲ့တွေ့တယ်။ အခုကတော့ ခုနစ်ဖွဲ့ အစုလိုက် တွေ့ဖို့ကြိုးစားတာပါ။ ဒါက ထူးခြားတာပေါ့။ နှစ်ကြိမ်မှာက အစုလိုက်မဟုတ်ပဲ individual သွားနေတာ။ အဲဒီဟာက အဆင်မပြေဘူး။ အစုလိုက်သွားရအောင်ဆိုပြီးမှ ခုနစ်ဖွဲ့ကို Low Profile နဲ့ အလွတ်သဘော စည်းကမ်းနဲ့ သူတို့ကို ဆက်သွယ်တာပါ” ဟု PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္ဈိမသို့ပြော သည်။

အဆိုပါတိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့သည် စစ်ကောင်စီနှင့်အလွတ်သဘော တွေ့ဆုံမှုများပြုလုပ် ရန်အတွက် ညှိနှိုင်းခဲ့ခြင်းသည် ယခုတစ်ကြိမ်သည် နှစ်ကြိမ်မြောက်ဖြစ်သည်ဟုသိရသည်။

စစ်အာဏာသိမ်းပြီး‌နောက် တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေးဆောင်ရွက်ရန် ပြောဆိုမှုများရှိလာပြီး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ခဲ့ကြ သည်။ ဆွေးနွေးပွဲများတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် ရေးများကိုသာဆွေးနွေးနေကြသော်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုဖြစ်ပေါ်လာသည့် လက်နက် ကိုင်ပဋိပက္ခကိစ္စများကိုမူ ဆွေးနွေးကြခြင်းမရှိကြသည်ကို တွေ့ရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required