လာအိုသို့ ခရီးသွားလာခြင်း အမေရိကန် သတိပေး

လာအိုသို့ ခရီးသွားလာခြင်း အမေရိကန် သတိပေး

ဝါရှင်တန်၊ မတ် ၈ ။              ။ လာအိုတွင် နိုင်ငံတကာကမ္ဘာ့လှည့်ခရီးသွားများ သွားလာအသုံးပြုမှု အများဆုံး လမ်းကြောင်းတွင် တိုက်ခိုက်မှုဖြစ်ပွား၍ အမေရိကန်က လာအိုသို့ ခရီးသွားလာခြင်းများကို သတိပေးချက် ထုတ်ထားသည်

ပြီးခဲ့သည့် လကလည်း အမေရိကန်က တိုက်ခိုက်မှုတစ်ရပ်ကြောင့် လူသုံးဦးသေဆုံးသည့် လာအို ဇိုင်ဆွမ်ဘွန်ပြည်နယ်သို့ ခရီးသွားခြင်းအား ရှောင်ကြဉ်ကြရန် သတိပေးခဲ့သေးသည်။

လတ်တလောတွင် သတိပေးချက်အား ထပ်မံတိုးမြှင့်ကာ ကမ္ဘာ့လှည့်ခရီးသွားများကြား အလွန်ရေပန်းစားရာ အရပ်ဒေသနှစ်ခုဖြစ်သည့် လောင်ပရာဘန်မှ ဗန်ဗီအန်းသို့ သွားရာ အမှတ် ၁၃ လမ်းမကြီးသို့ သွားလာခြင်း မပြုကြရန် သတိပေးချက် ထုတ်လာခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ခိုက်မှုများက ကြိုတင်တွက်ဆနိုင်ခြင်းမရှိသကဲ့သို့ လာအိုအစိုးရ၏ သတင်းအချက်အလက် ရယူမှုကလည်း ချို့ငဲ့၍ ယခုကဲ့သို့ အမေရိကန်အနေဖြင့် သတိပေးချက် ထုတ်လာခြင်းဖြစ် သည်။

နောက်ဆုံးတိုက်ခိုက်မှုတွင် လူတစ်ဦး သေဆုံးကာ ကိုးဦးဒဏ်ရာရပြီး ယင်းပြည်နယ်အတွင်း တိုက်ခိုက်မှုများက ဆက်လက်ဖြစ်ပွားနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမေရိကန် သံရုံးဝန်ထမ်းများအား အဆိုပါ လမ်းမကြီးကို ရှောင်ရှားသွားလာကြရန်လည်း တားမြစ်ထားသည်။

ကုန်းတွင်း ကွန်မြူနစ်နိုင်ငံဖြစ်သည့် လာအိုသည့် အထီးကျန်ဆဲနိုင်ငံဖြစ်သော်လည်း အာဆီယံဆယ်နိုင်ငံ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန်တို့၏ ထိပ်သီးအစည်းအဝေးကို မကြာမီ အိမ်ရှင်အဖြစ် ကျင်းပရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly