ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် စွပ်စွဲထားသည့် ရဟတ်ယာဉ်ကိစ္စများ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခဲ့ဟု ဒုသမ္မတထွက်ဆို

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် စွပ်စွဲထားသည့် ရဟတ်ယာဉ်ကိစ္စများ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခဲ့ဟု ဒုသမ္မတထွက်ဆို

ဒီဇင်ဘာလ ၁၂ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို အဂတိဖြင့် စွပ်စွဲထားသည့် ရဟတ်ယာဥ် ဝယ်ယူ၊ငှားရမ်းမှုများနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခဲ့ကြောင်း ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူက ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုံးချိန်းတွင် လာရောက်သက်သေထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖြစ်ပြီး ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုများကို အဆိုပါကော်မတီက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ယခုအမှု ငါးမှုတွင်သာ ခံပြသက်သေအချို့ကို တင်သွင်းထားခြင်းဖြစ်သည်။ လက်ရှိတွင် NLD အစိုးရလက်ထက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ AMAS ရဟတ်ယာဉ်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြင့်တို့က လာရောက်သက်သေထွက်ဆိုခဲ့ပြီးဖြစ်သည်။

ယနေ့ရုံးချိန်းတွင် စွပ်စွဲခံရသူများဘက်က တင်သွင်းသည့် ခံပြသက်သေ ဦးဟင်နရီဗန်ထီးယူကို ရဟတ်ယာဉ်အဂတိအမှု ငါးမှုတွင် အမှုသုံးမှုအတွက် စစ်ဆေးပြီးစီးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ အမှုငါးမှုမှာ သဘာဝ​ဘေးအန္တရာယ်ကာကွယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ရဟတ်ယာဉ်ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီးဝယ်ယူခြင်းတို့တွင် အဂတိလိုက်စားသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရာရှိနှစ်ဦးက တရားလို ပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားခြင်းသာရှိကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကလည်း ထွက်ဆိုထား​ကြသည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အမှု ၁၄မှုအတွက် ထောင်ဒဏ် ၂၆နှစ်ချမှတ်ခံထားရပြီး သမ္မတဦးဝင်းမြင့်အနေဖြင့် အမှုသုံးမှုအတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly