ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ဒီဇင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်အစပ်တွင် တည်ရှိသည့် ကိုးတောင်ဘို့ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံး မှုများရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံကသိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ရက် နံနက် ၁ နာရီ ခန့်က ကိုးတောင်ဘို့ရွာရှိ စစ်ကောင်စီတပ်များ အထိုင်စခန်းချထားသည့်နေရာတွင် အပြန်အလှန်ပစ်ခတ်မှုများ သုံးနာရီကြာဖြစ်ပွားခဲ့ပြီး နံနက် ၄ နာရီခန့်တွင် အကြမ်း ဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များရောက်ရှိလာ၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အဲဒီ စခန်း(စစ်ကောင်စီတပ်စခန်း)မှာ အင်အားနည်းနေတာသိလို့ ဝင်တိုက်ကြတာ။ စခန်းက မသိမ်းနိုင်ဘူး။ လေယာဉ်နဲ့က မပစ်ဘူး လာဝဲရုံပဲ။ စစ်ကောင်စီတပ်သားတွေက အဲ့ဒီမှာ အသေအချာကို အထိုင်ချထားတာ။ အရင်တစ်ပတ်ကလည်း ကိုးတောင်ဘို့မှာ ကတုတ်ကျင်းတွေ ဘန်ကာတွေဆောက်နေတာ” ဟု PDF ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

သုံးနာရီနီးပါးကြာဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး အခြားရဲဘော်နှစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိကာ စစ်ကောင်စီတပ်သားများလည်း အများအပြားထိခိုက်ဒဏ်ရာ ရှိခဲ့ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးသည် အသက်၂၀ကျော် အရွယ် လူငယ်များဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ ကျန်ရဲဘော်တစ်ဦးမှာမူ ပြင်းထန် ဒဏ်ရာရ၍ ယနေ့မနက်ပိုင်းတွင် ထပ်မံကျဆုံးခဲ့ သည်ဟု PDF ရဲဘော်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ဒေသခံများ ညတွင်းချင်း စစ်ဘေး‌ရှောင်နေကြရပြီး စစ်ရှောင်များ၏ အခြေအနေအသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်၍ ၁၁ ရက်နေ့အထိ သုံးရက်အတွင်း ကောလင်းမြို့နယ်ရှိ ကျောက်ပြင်သာတိုက်နယ်တွင်းမှ ဆီးဖြူကုန်း၊ လျှော်ဖြူကုန်း၊ ညောင်ကုန်း၊ ပေပင်ချောင်းနှင့် ကုက္ကိုကုန်း ကျေးရွာတို့ကို မီးရှို့ ဖျက်ဆီးခဲ့၍ ဒေသခံများ၏ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly