မတ္တရာမြို့တွင် NUG ၊ CRPH နှင့် PDF အားကန့်ကွက်ကြောင်း ဒေသခံများကို ငွေကြေးပေးခြိမ်းခြောက် ဆန္ဒပြခိုင်း

မတ္တရာမြို့တွင် NUG ၊ CRPH နှင့် PDF အားကန့်ကွက်ကြောင်း ဒေသခံများကို ငွေကြေးပေးခြိမ်းခြောက် ဆန္ဒပြခိုင်း

ဒီဇင်ဘာလ ၁၂ ရက်
 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီတွင် NUG ၊ CRPH နှင့် PDF တို့အား ကန့်ကွက်ကြောင်း ဒေသခံများကိုငွေကြေးပေး၍ခြိမ်းခြောက် ဆန္ဒပြခိုင်းခဲ့ကြောင်း သိရ သည်။

“အိမ်လာပြီး ဥက္ကဋ္ဌက ပိုက်ဆံ ၁၀,၀၀၀ လာပေးတယ်။ မနက် ထွေအုပ်ရုံးရှေ့ခဏလာပေးဦးဆိုပြီး ပြော တယ်။ ဘာလုပ်မယ်တော့ မပြောဘူး။ ဒီရောက်မှ ဆန္ဒပြမယ်ဆိုတာသိရတာပါ” ဟုဒေသခံတစ်ဦးက ပြော သည်။

အဆိုပါ ဆန္ဒပြပွဲပြုလုပ်ရန်အတွက် စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဒီဇင်ဘာလ ၁ ရက် နေ့မှစ၍ ဆန်တစ်ပြည်နှင့် ငွေကျပ် တစ်သောင်းပေးကာ လူ ၃၀၀ ပြည့်သည်အထိစည်းရုံးပေးရကြောင်း သိရသည်။

“ကျုပ်ရွာကတော့ ဆန်နဲ့ငွေရလို့ လာတာပဲ။ ထော်လာဂျီနဲ့စုလာခဲ့ကြတာ။ ကျုပ်ရွာက ၂၁ ဦးပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ဆန္ဒပြချိန်တွင် သတ်မှတ်လူဦးရေမပြည့်သည့်အတွက် မတ္တရာမြို့ပေါ်ရပ်ကွက်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က တစ်အိမ်တစ်ယောက်မလာမနေရဟု ခြိမ်းခြောက်ခေါ်ယူကြောင်း သိရသည်။

“ဟိုအရင် န၀တခေတ်တုန်းကလို တစ်အိမ်တစ်ယောက် မလာမနေရလာရမယ်လို့အော်သွားလို့ သွားရ တယ်။ ဟိုရောက်မှ စစ်တပ်ထောက်ခံပွဲဆိုတာသိတယ်။ ဒါပေမယ့်အသိနောက်ကျသွားပြီ၊ ပြန်ထွက်လို့ မရတော့ဘူး။ စစ်သားတွေက သေနတ်နဲ့ထောက်ထားတယ်။ ဘယ်သူမှပြန်မထွက်ရဘူး ထွက်ရင် ဘာညာဆိုတော့ ပါခဲ့ရတယ်” ဟု ပါ၀င်ခဲ့ရသူတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက်တွင်၊ မတ္တရာမြို့နယ်ထွေအုပ်ရုံးရှေ့ တစ်အိမ်တစ်ယောက်မလာမနေရ လာရမည်ဟုဆိုကာ ယမန်နေ့ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၀င်များက အော်ပြောသွားကြောင်း သိရသည်။

ဆန္ဒပြသူအများစုသည် ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ပြီး ကျန်သူများမှာ ငွေပေးစည်းရုံးခံရသူများပါဝင် သကဲ့သို့ ခြိမ်းခြောက်ခေါ်ယူခံရသူများလည်း ပါဝင်ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly