ဟောင်ကောင်သူဋ္ဌေးကြီးဂျင်မီလိုင်း မြေငှားစာချုပ်စည်းကမ်း ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံရ

ဟောင်ကောင်သူဋ္ဌေးကြီးဂျင်မီလိုင်း မြေငှားစာချုပ်စည်းကမ်း ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံရ

ဟောင်ကောင်သူဋ္ဌေးကြီး ဂျင်မီလိုင်းသည် သတင်းဌာနချုပ်အတွက် မြေငှားစာချုပ်စည်းကမ်းကို ချိုးဖောက်မှုစွဲချက်ဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် ထောင်ဒဏ် ၅ နှစ်နှင့် ၉ လ ချမှတ်ခံလိုက်ရသည်။

အသက် ၇၅ နှစ်အရွယ်ရှိ ဂျင်မီလိုင်းသည် ယခုပိတ်သိမ်းခံထားရသည့် Apple Daily သတင်းဌာနချုပ်တွင် ပုဂ္ဂလိကကုမ္ပဏီ Dico Consultants Ltd ဖွင့်ထားခြင်းကို ဖုံးကွယ်သည်ဟူသော စွဲချက် ၂ ခုအတွက် မြေငှားစာချုပ်စည်းကမ်း ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

ဟောင်ကောင်တွင် အထင်ရှားဆုံးသော တရုတ်ဝေဖန်ရေးသမား ဂျင်မီလိုင်းသည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာကတည်းက အကျဉ်းကျနေခဲ့ကာ ခွင့်ပြုချက်မဲ့ လူစုလူဝေးလုပ်မှုဖြင့် ထောင်ဒဏ် လပေါင်း ၂၀ ကျခံနေရသည်။

ဂျင်မီလိုင်းသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ရဲစီးနင်းခံရပြီးနောက် ပိတ်သိမ်းခံရသည့် Apple Daily သတင်းစာတိုက်၏မိခင်ကုမ္ပဏီ Next Digital ၏ အကြီးအကဲဖြစ်သည်။

အသက် ၆၁ နှစ်အရွယ်ရှိ ဝေါင်ဝေကောင်သည် Next Digital ကုမ္ပဏီ၏ အမှုဆောင်တစ်ဦးဖြစ်ပြီး လိမ်လည်မှုစွဲချက်ဖြင့် ထောင်ဒဏ် ၂၁ လ ချမှတ်ခံရသည်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံ အစိုးရများက ဂျင်မီလိုင်း၏ ပြစ်ဒဏ်အတွက် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပြီး တရုတ်ပြဋ္ဌာန်းထားသော နိုင်ငံတော်လုံခြုံရေးဥပဒေအောက်တွင် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များအတွက်အကာအကွယ်ပေးမှုတွင် ယိုယွင်းပျက်စီးလာမှုအပေါ် ရှုတ်ချခဲ့သည်။

“ဂျင်မီလိုင်းကို တရားစွဲဆိုတဲ့ တရုတ်ရဲ့ အသေးစိတ်စီစဉ်တဲ့ ရာဇဝတ်မှုဟာ ဟောင်ကောင်က ဒီမိုကရေစီနဲ့ မီဒီယာလွတ်လပ်မှုအတွက် ဦးဆောင်သူကို အငြှိုးထားလက်စားချေတာပါ” ဟု ဂျင်မီလိုင်းလွတ်မြောက်ရေးတောင်းဆိုခဲ့သော နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ အာရှရေးရာဒါရိုက်တာ မာယာဝမ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required