ငတ်မွတ်ခေါင်းပါးမှုနှင့် စားဝတ်နေရေးကျပ်တည်းမှုကို အာဖဂန်ပြည်သူများ ၂ နှစ်ဆက်တိုက်ကြုံနေရ

By Tolo News
11 December 2022
ငတ်မွတ်ခေါင်းပါးမှုနှင့် စားဝတ်နေရေးကျပ်တည်းမှုကို အာဖဂန်ပြည်သူများ ၂ နှစ်ဆက်တိုက်ကြုံနေရ

အာဖဂန်နစ္စတန်နိုင်ငံမှ ပြည်သူများသည် ငတ်မွတ်ခေါင်းပါးမှုနှင့် စားဝတ်နေရေးကျပ်တည်းမှုကို ဆောင်းရာသီ ၂ နှစ်ဆက်တိုက် ကြုံတွေ့နေရကြောင်း အမေရိကန်ငြိမ်းချမ်းရေးဌာန (USIP) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဖဂန်ပြည်သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကို အတတ်နိုင်ဆုံး လိုက်လျောညီထွေစွာ ဖြတ်သန်းသွားနိုင်ပုံပေါ်သော်လည်း နေရာအနှံ့အပြားတွင် ဖြစ်ပျက်နေသော ဆင်းရဲမွဲတေမှု၊ အငတ်ဘေးနှင့် ဆင်းရဲချို့တဲ့ခြင်းများကို လျော့ပါးသက်သာစေလိမ့်မည် မဟုတ်ကြောင်း အစီရင်ခံစာတွင် ပြောသည်။

“၂၀၂၁ ဩဂုတ်လက တာလီဘန်တွေ ထိန်းချုပ်ပြီးနောက်ပိုင်း စီးပွားရေး ပြိုလဲမှုကြောင့် ဝင်ငွေ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာက စားနပ်ရိက္ခာ မဖူလုံမှုရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ မိုးခေါင်မှုကြောင့် ဆက်တိုက်ဆိုသလို သီးနှံအထွက်နှုန်းတွေ ညံ့လာတာလည်း အခြေအနေကို ပိုဆိုးစေခဲ့ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

“အမျိုးသမီးတွေ အလုပ်လက်မဲ့ဖြစ်မှုကလည်း ပိုများလာတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အလုပ်ရှာပေမယ့် မတွေ့ခဲ့ကြပါဘူး။ ဒါပေမယ့် လခစား အလုပ်တွေ၊ ကိုယ်ပိုင်အလုပ်တွေနဲ့ နေအိမ်အခြေစိုက် အကျိုးအမြတ်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တိုးလာတဲ့လုပ်သားအင်အားရဲ့ ၃ ပုံ ၁ ပုံလောက်တော့ ရှိပါတယ်” ဟု ဖော်ပြထားသည်။

အာဖဂန်စီးပွားရေးတည်ငြိမ်မှု၏ လက်ရှိအတိုင်းအတာသည် ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂ၏ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ ထောက်ပံ့မှုအပါအဝင် ရရှိနေဆဲဖြစ်သော လူသားချင်းစာနာမှုအကူအညီအပေါ် အသည်းအသန် မှီခိုနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required