ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်မီးရှို့၊ နေအိမ် ၁၀၀ နီးပါး မီးလောင်ဆုံးရှုံးပြီး အဖိုးအို ၁ ဦး မီးလောင်သေဆုံး

ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်မီးရှို့၊ နေအိမ် ၁၀၀ နီးပါး မီးလောင်ဆုံးရှုံးပြီး အဖိုးအို ၁ ဦး မီးလောင်သေဆုံး

ဒီဇင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ မဲအိုးကျေးရွာကို စစ်ကောင်စီတပ်များက ဒီဇင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ နီးပါး မီးလောင်းဆုံးရှုံးခဲ့ပြီး အဖိုးအို တစ်ဦးလည်း မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ မဲအိုးရွာမှာ အဖိုးအိုတစ်ဦးမီးလောင်တဲ့ အထဲပါသွားတယ်လို့ အကြမ်းဖျင်းသိထားရတယ်။ အိမ်ခြေ ၁၀၀ ကျော်ရှိတာ ၁၀ အိမ်လောက်ပဲကျန်တယ်။ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။

မဲအိုးကျေးရွာကို မီးရှို့ခဲ့သည့်စစ်ကောင်စီစစ်ကြောင်းသည် “ PDF ကို များများအားပေး စစ်ဘေးသင့်လေ ပြာများများကျလေ ရွာမရှိတဲ့တိုင်းဒေသကြီးမှာနေရမည်” ဆိုသည့် ခြိမ်းခြောက်ထားသည့် စာတန်းတစ်ခု ကို ရွာအတွင်းရှိ၀ှိုက်ဘုတ်တစ်ခုပေါ်တွင်ရေးသားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်မှ သပြေသာကျေးရွာ၊ ညောင်လှကျေးရွာများကိုလည်း မီးရှို့ ဖျက်စီးခဲ့၍ နေအိမ် ၂၀၀ နီးပါး မီးလောင်ဆုံးရှုံးထားကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့က ထုတ်ပြန်ထား သည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ ဒီပဲယင်းမြို့နယ်အတွင်းမှ ကျေးရွာများကို ဝင်ရောက်မီးရှို့ခြင်းများ ဆက်တိုက်လုပ်ဆောင်နေရာ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ကျေးရွာပေါင်း ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေပေါင်းထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly