ဖီဖာကမ္ဘာ့ဖလားစတင်ကျင်းပချိန်တွင် နီပေါရွှေ့ပြောင်းလုပ်သားများက ကာတာ၌ကြုံတွေ့ခဲ့ရသော အခြေအနေဆိုးများကို ထုတ်ဖော်ပြောဆို

ဖီဖာကမ္ဘာ့ဖလားစတင်ကျင်းပချိန်တွင် နီပေါရွှေ့ပြောင်းလုပ်သားများက ကာတာ၌ကြုံတွေ့ခဲ့ရသော အခြေအနေဆိုးများကို ထုတ်ဖော်ပြောဆို

ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေစဉ်တွင် ကာတာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းများ၌ အလုပ်လုပ်ခဲ့ကြသည့် နီပေါရွှေ့ပြောင်းလုပ်သားများက ဆိုးရွားသော လုပ်ငန်းအတွေ့အကြုံများကို ထုတ်ဖော်ပြောဆိုလာကြသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် အိမ်ရှင်နိုင်ငံအဖြစ် ကာတာနိုင်ငံရွေးချယ်ခံရပြီးနောက် ရှရက်စ်သာသည် ကာတာ၌ ၃ နှစ်ကြာ အလုပ်လုပ်ခဲ့သည်။

“ကျွန်တော်တို့ ကာတာကို ရောက်တော့ အလုပ်စခေါ်တုန်းက သူတို့ပေးထားတဲ့ ကတိအတိုင်း ပံ့ပိုးမှုတွေ မရခဲ့ပါဘူး။ ဒါက ကျွန်တော်လုပ်တဲ့ ကုမ္ပဏီတင်မဟုတ်ဘဲ အဲဒီက တခြားကုမ္ပဏီအားလုံးနီးပါးလည်း အဲဒီလိုပါပဲ။ နောက်ပြီး ကျွန်တော့်ကို ကာတာရီယယ် ၁၂၀၀ ပေးမယ်ဆိုပြီး ပြောခဲ့ပေမယ့် တကယ်တမ်းကျတော့ ၉၀၀ ပဲ ရခဲ့တယ်။ ဒါကို ဆန္ဒပြဖို့ ကြိုးစားခဲ့ပေမယ့် ကုမ္ပဏီဘက်က ကျွန်တော့်ကို နေရပ်ပြန်ပို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်” ဟု ကာတာမှ ပြန်လာသည့် နီပေါရွှေ့ပြောင်းလုပ်သား ရှရက်စ်သာက ANI ကို ပြောပြသည်။

ရှရက်စ်သာသည် ကာတာနိုင်ငံ မြို့တော် ဒိုဟာရှိ စီးတီးစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ထိခိုက်မှုကာကွယ်ရေးပစ္စည်းများမပါဘဲ ဆေးသုတ်သမားအဖြစ် အလုပ်လုပ်ခဲ့ရသည်။ သူသည် အပေါ်အောက် တစ်ဆက်တည်း ဝတ်စုံနှင့် ဦးထုပ်အမာတစ်လုံးသာရပြီး သတ္တုရက်မများပေါ်တက်ကာ နံရံများကို ဆေးသုတ်ခဲ့ရသည်။

“အဲဒီမှာ ၃ နှစ် အလုပ်လုပ်ခဲ့ပြီး နီပေါကို ပြန်လာခဲ့တယ်။ အခုဆိုရင် ကျွန်တော် ကာတာကနေ ပြန်လာတာ ၇ နှစ်၊ ၈ နှစ်လောက် ရှိပါပြီ။ ကျွန်တော် ပြန်လာချိန်တုန်းက အဲဒီမှာ ဘောလုံးကွင်းတွေနဲ့ အခြားလိုအပ်တဲ့ အဆောက်အအုံတွေ ဆောက်တာအပါအဝင် ပြင်ဆင်မှုတွေ လုပ်နေပါပြီ” ဟု ရှရက်စ်သာက ပြောသည်။

ရှရက်စ်သာသည် ကာတာတွင် နေထိုင်စဉ်က ငွေအကုန်အကျသက်သာစေရန် နီပေါနှင့် အခြားနိုင်ငံများမှ လာသော အခြားသော ဘဝတူအလုပ်သမားများနှင့်အတူ ကျပ်သိပ်နေသော အခန်းတစ်ခုတွင် နေထိုင်ခဲ့ရသည်။ ကုမ္ပဏီဘက်က လုံလောက်သည့် နေရာထိုင်ခင်းနှင့် အစားအသောက်များ မပေးခဲ့ဟု ရှရက်စ်သာက ပြောသည်။ ကာတာတွင် အလုပ်ကို အချိန်မီရောက်ရန် မနက် ၃ နာရီ အိပ်ရာထခဲ့ရကာ ည ၈ နာရီခန့်မှ အလုပ်သိမ်းရပြီး အလုပ်ခွင်တွင် ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်း မခံရမှုများလည်း အမြဲလိုလို ရှိခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required