ထိုင်ဝမ်တွင် တရုတ်ဆန္ဒပြသူများကို ထောက်ခံပွဲ ပြုလုပ်

ထိုင်ဝမ်တွင် တရုတ်ဆန္ဒပြသူများကို ထောက်ခံပွဲ ပြုလုပ်

ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ဖြေလျှော့ပေးရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် တရုတ်မြို့ကြီးအများအပြားမှ ဆန္ဒပြသူများကို ထောက်ခံသည့်အနေဖြင့် တိုင်ပေမြို့မှ လူ ၁၀ဝ ကျော်သည် စာရွက်လွတ်များကို ကိုင်ဆောင်ကာ ဒီဇင်ဘာ ၄ ရက်တွင် စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးသဖြင့် နိုဝင်ဘာ ၂၄ ရက်က ရှင်ကျန်းပြည်နယ် အူရမ်ချီမြို့တွင်ဖြစ်ပွားသော မီးလောင်မှု၌ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ယင်းဖြစ်ရပ်အပေါ် ဆန္ဒပြနေသူများကို ရည်ညွှန်းလျက် စုဝေးပွဲစီစဉ်သူတစ်ဦးဖြစ်သည့် လျင်ထန်ယုက "ရသင့်ရထိုက်တာတွေ ရဖို့ တိုက်ပွဲဝင်နေသူတွေကို ပံ့ပိုးသင့်တာကြောင့် ကျွန်တော်တို့ အခုလို စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြတာပါ" ဟု ပြောသည်။

“လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေကို ပံ့ပိုးကူညီဖို့က ကျွန်တော်တို့ လူသားတွေရဲ့ တာဝန်ပါပဲ” ဟု လျင်ထန်ယုက ဆိုသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိမှုကို ကိုယ်စားပြုသည့် ဆန္ဒပြသူများကိုင်ဆောင်သော စာရွက်လွတ်များကို ရည်ညွှန်းပြီး တက္ကသိုလ်ကျောင်းသား လျင်ထန်ယုနှင့် စုဝေးပွဲ ပူးတွဲစီစဉ်သူ ဝူယီချန်းတို့က ‘A4 တော်လှန်ရေး’ ဟူသော ဖေ့စ်ဘုတ်ခ်စာမျက်နှာကို ဖွင့်ခဲ့သည်။

ဝူက အဆိုပါဖေ့စ်ဘုတ်ခ်စာမျက်နှာဖွင့်ရခြင်း၏ အဓိကရည်ရွယ်ချက်နှင့်ပတ်သက်၍ တရုတ်တွင် ဖြစ်ပျက်နေသည့်အရာများကို လူအများနားလည်သဘောပေါက်စေရန်နှင့် လှုပ်ရှားမှုကိစ္စရပ်များကို ပိုမိုအာရုံစိုက်လာစေရန် ‘A4 တော်လှန်ရေး’ အကြောင်းကို ထိုင်ဝမ်နှင့် တစ်ကမ္ဘာလုံးမှနေ၍ သတင်းများ ဖြန့်ဝေရန် ဖြစ်သည်ဟု ဆိုသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းအများအပြားမှ ကိုယ်စားလှယ်များအပြင် အထက်တန်းကျောင်းသူ ကျောင်း သားများနှင့် နိုင်ငံခြားသားများအပါအဝင် လူပေါင်း ဒါဇင်များစွာသည် တိုင်ပေရှိ လွတ်လပ်ရေးရင်ပြင်တွင် ကျင်းပသည့် ပွဲသို့ တက်ရောက်ခဲ့သည်။

“လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ မရှိတဲ့ ကွန်မြူနစ် လူ့အဖွဲ့စည်းမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးတွေကို အရမ်း စာနာလို့ ဒီကို လာခဲ့တာပါ။ ဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ တရုတ်အထိ မသွားနိုင်လို့ အနည်းဆုံး ထောက်ခံတယ်ဆိုတာလေးတော့ ကျွန်တော်တို့ ပြသနိုင်ပါတယ်” ဟု ချူ အမည်ရှိ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးက Channel News Asia သို့ ပြောသည်။

ထိုင်ဝမ်တွင်နေထိုင်သည့် အမေရိကန်လူမျိုး ကိတ်က အစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်သည့် ရှားရှားပါးပါး လမ်းပေါ်ထွက် ဆန္ဒပြသည့် တရုတ်လူမျိုးများ၏ ရဲစွမ်းသတ္တိကို ချီးကျူးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly