တရုတ်သမ္မတ၏ ဆော်ဒီခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံနီးပါးတန်ဖိုးရှိ သဘောတူညီချက်များ လက်မှတ်ရေးထိုး

တရုတ်သမ္မတ၏ ဆော်ဒီခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံနီးပါးတန်ဖိုးရှိ သဘောတူညီချက်များ လက်မှတ်ရေးထိုး

ဆော်ဒီအာရေဗျနှင့် တရုတ်တို့သည် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ သဘောတူညီချက်များ လက်မှတ်ရေးထိုးမည့်အစီအစဉ်ရှိကြောင်း အဘူဒါဘီ အခြေစိုက် သတင်းစာ The National News က ဖော်ပြသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ဘုရင်ဆယ်မန်ဘင်အဗ္ဗဒူလာဇစ်အယ်လ်ဆတ်ဒ်၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၇ ရက်မှ စတင်ကာ ဆော်ဒီအာရေဗျသို့ ၃ ရက်ကြာ တရားဝင်ခရီး ရောက်ရှိလာခြင်းဖြစ်သည်။

ဆော်ဒီ-တရုတ် ထိပ်သီးဆွေးနွေးပွဲကို တရုတ်သမ္မတ၊ ဆော်ဒီအာရေဗျဘုရင်နှင့် အိမ်ရှေ့မင်းသား မိုဟာ မက်ဘင်ဆယ်လ်မန်တို့ တက်ရောက်မည်ဟု ဆင်ဟွာသတင်း ဌာနက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်ရန် အလေးထားဆွေးနွေးကြမည်ဖြစ်သည်။

တရုတ်သမ္မတ၏ခရီးစဉ်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အာရပ်ပင်လယ်ကွေ့-တရုတ်ထိပ်သီးအစည်းအဝေးနှင့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ခေါင်းဆောင်များနှင့် ပြုလုပ်မည့် အာရပ်-တရုတ်အစည်းအဝေးအစီအစဉ်များလည်း ပါဝင်သည်။

သမိုင်းဝင်ဆက်ဆံရေးနှင့် ဆော်ဒီနှင့်တရုတ်ကို ပေါင်းစည်းစေသည့် အောင်မြင်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခိုင်မာစေရန် ဘုရင်ဆယ်လ်မန်က ရှီအား ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ဒီဇင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သည် ဆော်ဒီအာရေဗျနှင့်ရော တရုတ်နှင့်ပါ ဆက်ဆံရေး တင်းမာနေသည်။ တရုတ်နှင့် ဆော်ဒီအာရေဗျတို့သည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် ရပ်တည်ချက်ချင်း မတူညီကြပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly