တနင်္သာရီတိုင်းတွင် အာဏာသိမ်းပြီးနောက် အရပ်သား သေဆုံးသူဦးရေ ၃၀၀ ကျော်ရှိ

တနင်္သာရီတိုင်းတွင် အာဏာသိမ်းပြီးနောက် အရပ်သား သေဆုံးသူဦးရေ ၃၀၀ ကျော်ရှိ

ဒီဇင်ဘာလ ၁၂ ရက်

တနင်္သာရီတိုင်းအတွင်း အာဏာသိမ်းပြီး နောက်ပိုင်း အရပ်သား သေဆုံးသူဦးရေ ၃၀၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူမှာလည်း ၁၁၅ ဦးရှိခဲ့ကြောင်း Southern Monitor က ယခုလ ဒီဇင်ဘာလဆန်းပိုင်းတွင် ပြုစုထားသော အချက်အလက်များအရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က အကြမ်းမဖက် လူထုလှုပ်ရှားမှုဖြင့် ဆန္ဒပြပြည်သူများကို မတရားဖမ်းဆီး ညှဥ်းပန်းနှိပ်စက်၊ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးရသည့် ဖြစ်စဉ်အများစုဖြစ်နေသည်။

အဆိုပါ အချက်အလက်များသည် Southern Monitor က ပြုစုထားသော စာရင်းများအရ တိုင်းအတွင်း မြို့နယ်အလိုက် စစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ဆက်စပ်မှုများလည်း ပါဝင်နေပြီး စစ်အာဏာသိမ်းကာလမှစ၍ နိုဝင်ဘာလကုန် အထိ ဖြစ်သည်ဟု ဖော်ပြချက်အရ သိရသည်။

ယင်းအချက် အလက်များထဲတွင် အရပ်သားသေဆုံးမှု သိသိသာသာ တိုးလာသကဲ့သို့ သေဆုံးမှု၏ ၇၈ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်၍ ၁၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ကျန် ခုနစ်ရာခိုင်နှုန်းမှာ ကျား၊ မ ခွဲခြားဖော်ပြနိုင်ခြင်းမရှိကြောင်း Southern Monitor က ဖော်ပြထားသည်။

ထိုသို့ ကျူးလွန်မှုသည် စစ်ကောင်စီလက်အောက်ခံ အဖွဲ့စည်းများဖြစ်သော ပျူစောထီး၊ သွေးသောက် ၊ စွန်ရဲ စသည့် အဖွဲ့စည်းများက ပြုလုပ်ခြင်းဖြစ်ပြီး ကျူးလွန်ခံရသူများထဲတွင် တက်ကြွလူငယ်များ၊ PDF အဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် NLD ပါတီဝင်များ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပျူစောထီး၊ သွေးသောက်၊ စစ်တပ်သတင်းပေး ဒလန်များအပါဝင် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများကို လုပ်ကြံ သတ်ဖြတ်မှုဖြစ်စဉ်များထဲတွင် အချို့သော မှားယွင်းသတ်ဖြတ်မှုများကြောင့် မိသားစုဝင်များပါ ထိခိုက်သေဆုံးခြင်းနှင့် မှားယွင်းပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူများလည်း သေဆုံး ထိခိုက် ဒဏ်ရာ ရရှိမှုလည်းရှိကြောင်း Southern Monitor က ပြုစုထားသော အချက် အလက်များ အရ သိရသည်။

ထိုအပြင် Southern Monitorက ထုတ်ပြန်ထားသည့် စာရင်းများထဲတွင် ပြီးခဲ့သော နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အကြား တိုက်ပွဲများပြင်းထန်ပြီး တိုက်ပွဲ ဖြစ်စဉ် ပေါင်း ၄၃ ကြိမ် ဖြစ်ပွားခဲ့ကြောင့် အာဏာသိမ်းကာလအတွင်း လအလိုက် ဖော်ပြချက်အရ အကြိမ်ရေ အများဆုံးဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly