ကာတာထံမှ လာဘ်ယူမှု စွဲချက်ဖြင့် ဥရောပပါလီမန် ဒုဥက္ကဋ္ဌ အပါအဝင် လူ ၄ ဦး ဖမ်းဆီးတရားစွဲခံရ

ကာတာထံမှ လာဘ်ယူမှု စွဲချက်ဖြင့် ဥရောပပါလီမန် ဒုဥက္ကဋ္ဌ အပါအဝင် လူ ၄ ဦး ဖမ်းဆီးတရားစွဲခံရ

ဒီဇင်ဘာလ ၁၂ ရက်
 

ဥရောပပါလီမန်၏ ဒုဥက္ကဋ္ဌတစ်ဦး ဖြစ်သည့် ဂရိနိုင်ငံရေးသမား အီဗာ ကိုင်လီကို အဂတိလိုက်စားမှုဖြင့် ဒီဇင်ဘာ ၁၁ ရက်က စွဲချက်တင်ပြီး ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ထိုမတိုင်မီက ဘယ်လ်ဂျီယံ စုံစမ်းစစ်ဆေးရေးအရာရှိများသည် သူမ၏ အိမ်၌ “ငွေသားများ ထည့်ထားသည့် အိတ်များ” ကို ရှာတွေ့ခဲ့သည်။

ဥရောပပါလီမန်၏ မူဝါဒဆိုင်ရာ ဆုံးဖြတ်မှုများအပေါ် ဩဇာလွှမ်းမိုးနိုင်စေရန် ယခုနှစ်ကမ္ဘာ့ဖလားအိမ်ရှင် ကာတာနိုင်ငံ၏ ကိုယ်စား အလုပ်လုပ်ပေးသည့် ပုဂ္ဂိုလ်များက ဥရောပနိုင်ငံရေးသမားများထံ များပြားသည့် လာဘ်ငွေ၊ တံစိုးလက်ဆောင်များ ပေးခဲ့သည်ဆိုသော စွပ်စွဲချက်များကို ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။

ကာတာနိုင်ငံ၏ များမကြာမီက လုပ်ဆောင်ခဲ့သော အလုပ်သမား ပြုပြင်ပြောင်းလဲမှုများကို လူသိရှင်ကြား ထောက်ခံကြောင်း ပြောခဲ့သည့် ကိုင်လီသည် ယခုကိစ္စတွင် ဖမ်းဆီးတရားစွဲခံရသည့် သံသယရှိသူ လေးဦးထဲတွင် ပါဝင်နေသည်။

အခြား နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဥရောပပါလီမန် လွှတ်တော်အမတ်တစ်ဦးထက်မနည်း၏ အိမ်ကို စုံစမ်းစစ်ဆေးရေးအရာရှိများက ဝင်ရောက်ရှာဖွေခဲ့သည်။

ယခုဖြစ်စဉ်တွင် သံသယရှိသူ လေးဦး၏ အမည်များကို ဘယ်လ်ဂျီယံ ဖက်ဒရယ် အစိုးရရှေ့နေရုံးက ထုတ်ဖော်ခြင်း မရှိသော်လည်း တရားစွဲဆိုခံရသူများထဲတွင် ကိုင်လီလည်း ပါဝင်ကြောင်း တရားရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက အေအက်ဖ်ပီကို အတည်ပြုသည်။

“စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ ဘယ်လ်ဂျီယံ တရားသူကြီးတစ်ဦးရဲ့ စစ်ဆေးမှုမှာ လူ လေးဦး ဖမ်းဆီးစွဲချက်တင်ခံထားရတယ်” ဟု ဖက်ဒရယ် အစိုးရရှေ့နေရုံးက ပြောသည်။

“သူတို့လေးဦးကိုတော့ ပြစ်မှုကျူးလွန်တဲ့ အဖွဲ့တစ်ခုမှာ ပါဝင်ပတ်သက်မှု၊ ငွေကြေးခဝါချမှုနဲ့ အဂတိလိုက်စားမှုတို့နဲ့ စွဲချက်တင်ထားပါတယ်။ နောက်ထပ် လူနှစ်ဦးကိုတော့ စုံစမ်းစစ်ဆေးရေးတရားသူကြီးက ပြန်လွှတ်ပေးခဲ့ပါတယ်”

ယခု ဖမ်းဆီးမှုများနောက်ပိုင်း ဘရက်ဆဲလ်မြို့တွင် လုပ်ဆောင်ခဲ့သော စီးနင်းရှာဖွေမှုများအတွင်း ငွေသား ယူရို ၆၀၀,၀၀၀ (ဒေါ်လာ ၆၃၀,၀၀၀) ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း အစိုးရရှေ့နေများက ပြောသည်။ ထို့ပြင် ကွန်ပြူတာများနှင့် မိုဘိုင်းဖုန်းများကိုလည်း ရဲများက သိမ်းဆည်းခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly