ကောလင်းမြို့နယ် ကျောက်ပျဉ်သာတိုက်နယ်မှ ကျေးရွာများအား စစ်ကောင်စီတပ်က ၂ ရက် ဆက်တိုက် မီးရှို့နေ

ကောလင်းမြို့နယ် ကျောက်ပျဉ်သာတိုက်နယ်မှ ကျေးရွာများအား စစ်ကောင်စီတပ်က ၂ ရက် ဆက်တိုက် မီးရှို့နေ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်ပျဉ်သာတိုက်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့က အင်းအား ၈၀ ခန့်ပါ စစ်ကောင်စီတပ်သည့် စစ်ကြောင်းနှစ်ကြောင်းဖြင့် ကောလင်းမြို့နယ် ဇီးဖြူကုန်းကျေးရွာနှင့် လျော်ဖြူကုန်းကျေးရွာ၊ ပေပင်ချောင်ကျေးရွာများသို့ စစ်ကြောင်းထိုးလာပြီး အဆိုပါရွာကျေးများအား တစ်ညလုံးမီးရှို့နေကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“မနေ့ညက ဇီးဖြူကုန်းနဲ့ လျှော်ဖြူကုန်းကို တစ်ညလုံးမီးရှို့သွားတယ်။ ဒီမနက် မီးရှို့ခံရမှုမှာ နေအိမ် ဘယ်နှလုံးပါသွားလဲ မသိရသေးဘူး။ စစ်သားအင်အားက ကုက္ကိုကုန်းမှာ ၈၀ ကျော်နဲ့ မနေ့က အဲဒီဘက် နှစ်ကြောင်းရှိတာ။ အခုက စစ်ကြောင်းတစ်ခုက ပျောက်နေတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင်လည်း ကောင်လင်းမြို့နယ် အရှေ့ပိုင်း ကျောက် ပျဉ်သာတိုက်နယ်၊ ပေပင်ချောင်ကျေးရွာကို ထပ်မံဝင်ရောက်မီးရှို့နေပြီး ညောင်ကုန်းရွာနှင့် ကုက္ကိုကုန်း ရွာကိုပါ ဝင်ရောက်ဖျက်ဆီးမီးရှို့နေကြောင်း Kawlin Info မှ အသိပေးထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မီးရှို့မှုကြောင့် ကျောက်ပြင်သာတိုက်နယ် အတွင်း၌ အိမ်ထောင်စုပေါင်း ၂,၀၀၀ ကျော်မှ စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော် ရှိနေကြောင်းလည်း Kawlin Revolution ထံမှသိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required