ကော့ကရိတ်မြို့နယ်က တောင်ကြာအင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ကော့ကရိတ်မြို့နယ်က တောင်ကြာအင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်မှ စတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ကော့ကရိတ်မြို့နယ်၊ စကခ (၁၂) ရှေ့ရှိ စစ်ကောင်စီ အမြောက်တပ်နှင့် လှိုင်ကွယ်ဘုရားကုန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ခုနစ်ချက်ထက်မနည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း တောင်ကြာအင်းကျေးရွာ ဆေးရုံကုန်းအနောက်ရှိ လူနေအိမ်နှစ်လုံး ထိခိုက်မီးလောင် ပျက်စီးသွားကြောင်း ကနဦး သတင်းများအရ သိရသည်။

“လူတွေ စစ်ဘေးရှောင်နေလို့ လူထိခိုက်တာတော့ မရှိဘူး။ ရမ်းသန်းပြီးတော့ လိုက်ပစ်တာပေါ့ဗျာ” ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းနှင့် မြောက်ကြာအင်း ကျေးရွာအကြားတွင် တည်ရှိသည့် ကျေးရွာပေါင်း ၁၀၀ ကျော်က ဒေသခံများ အသုံးပြုနေသော “ဟောင်သရော” မြစ်ကူးတံတားကိုလည်း စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် မပြုဘဲ ပိတ်ပင်ထားသည်ဟု သိရသည်။

တောင်ကြာအင်းကျေးရွာ အထက်တန်းကျောင်းတွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၂) လက်အောက်ခံ ခလရ (၅၄၅) ၊ ခလရ (၂၁၅) နှင့် တပ်မ (၂၂) ပူးပေါင်းတပ်ဖွဲ့ အင်အား ၁၆၀ခန့် တပ်စွဲထားကြသည်ဟု သိရသည်။

ထိုတောင်ကြာအင်း ကျေးရွာတွင် အိမ်ခြေ ၅၀၀ နီးပါး ရှိသည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required