အခြေခံလွတ်လပ်ခွင့်များကို တရုတ်အာဏာပိုင်များ လေးစားလိုက်နာရန် လူ့အခွင့်အရေးအဖွဲ့ ၄၉ ဖွဲ့ တောင်းဆို

By Tibet Rights Collective
10 December 2022
အခြေခံလွတ်လပ်ခွင့်များကို တရုတ်အာဏာပိုင်များ လေးစားလိုက်နာရန် လူ့အခွင့်အရေးအဖွဲ့ ၄၉ ဖွဲ့ တောင်းဆို

လူ့အခွင့်အရေးအဖွဲ့ ၄၉ ဖွဲ့က တရုတ်အစိုးရအနေဖြင့် တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ညှဉ်းပန်းနှိပ်စက်မှုနှင့်အခြားသော ရက်စက်ကြမ်းကြုတ်မှု လူမဆန်သောသိက္ခာကျစေသောဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ကုလသမဂ္ဂ၏သဘောတူညီချက်နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညာဉ်တို့ကို အတိအကျလိုက်နာပေးရန် တောင်းဆိုသည့် ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။

တရုတ်အစိုးရအနေဖြင့် တရုတ်လူမျိုးများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်တို့ကို လေးစားလိုက်နာရန်လည်း လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုထားသည်။

“ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ထိန်းသိမ်းတဲ့ ရာဇဝတ်မှုဆိုင်ရာကျင့်ထုံးကို အလွဲသုံးစားလုပ်တာ၊ ဆန္ဒပြသူတွေရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးသူတွေကို နှောင့်ယှက်တာ၊ အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အတွက်လုပ်ဆောင်သူတွေကို အာဏာပိုင်တွေက အကြမ်းဖက်နည်းတွေ တရားလက်လွှတ်စီမံချက်တွေနဲ့ ရပ်တန့်စေပြီး စုံစမ်းစစ်ဆေး တရားစွဲတာတွေကို တရုတ်အစိုးရအနေနဲ့ ရပ်သင့်ပါပြီ” ဟု ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အူရမ်ကီမြို့တွင် ဝီဂါမိသားစု မီးဘေးသင့်သည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့်သီတင်းပတ်ကုန်က တရုတ်နိုင်ငံမြို့ကြီးများတွင် ငြိမ်းချမ်းစွာစုဝေးမှုနှင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

တရုတ်အာဏာပိုင်များက နိုင်ငံတစ်ဝန်းမှ ဆန္ဒပြသူများကို နှိမ်နင်းခဲ့သည်။ ဖမ်းဆီးခံရသူများမှာလည်း သတင်းအစအနပျောက်နေပြီး နိုင်ငံတွင်းမှ အတင်းအကျပ်ထွက်ခွာခိုင်းမည်ကိုလည်း စိုးရိမ်နေကြသည်။

ဆန္ဒပြသူများအတွက် ဥပဒေအရ ကိုယ်စားပြုပေးခွင့်ကိုလည်း တရုတ်အာဏာပိုင်များက နှောင့်ယှက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက သိရှိထားသည်။

လူ့အခွင့်အရေးအဖွဲ့များက အခြေအနေကို ဆက်လက်စောင့်ကြည့်ရန်နှင့် တရုတ်ဆက်လက်လုပ်ဆောင်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချကြရန် နိုင်ငံတကာအသိုက်အဝန်းကို မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly