အမေရိကန်က ရုရှားနှင့်တရုတ်ကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များချမှတ်ရန် ပြင်ဆင်

အမေရိကန်က ရုရှားနှင့်တရုတ်ကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များချမှတ်ရန် ပြင်ဆင်

အမေရိကန်က ယူကရိန်းစစ်ပွဲတွင် အီရန်ဒရုန်းများသုံးသော ရုရှားကို အရေးယူမှုအပါအဝင် တရုတ်နှင့်ရုရှားတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များချမှတ်ရန် စီစဉ်နေကြောင်း အမေရိကန်အရာရှိ ၂ ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောသည်။

တရုတ်သည် ငါးဖမ်းလုပ်ငန်းများကို အလွန်အကျွံလုပ်ဆောင်ပြီး ရေပိုင်နက်လွှမ်းမိုးမှုချဲ့ထွင်ရန် ငါးဖမ်းရေယာဉ်စုများကို အသုံးပြုနေသည်ဟူသော စိုးရိမ်စရာကိစ္စများရှိနေချိန်တွင် ပစိဖိတ်ဒေသတွင် တရားမဝင်ငါးဖမ်းသည်ဟု ယူဆရသည့် တရုတ်လုပ်ငန်းပေါင်း ၁၇၀ ကို အမေရိကန်က ပစ်မှတ်ထားသွားမည်ဟု ဆိုသည်။

ရုရှားနှင့် တရုတ်တို့အား ပိတ်ဆို့အရေးယူမည့်အကြောင်းကို Wall Street Journal က အရင်ဆုံးဖော်ပြခဲ့သည်။

အမေရိကန်အစိုးရသည် ၂၀၁၆ Global Magnitsky Act ဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်သူဟု ယူဆရသော ပြည်ပအစိုးရအရာရှိများကို ပိတ်ဆို့အရေးယူရန်၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်နှင့် ထိုသူများအား အမေရိကန်ဝင်ရောက်ခွင့်ပိတ်ပင်ရန် အခွင့်အာဏာရှိသည်။

ယူကရိန်းစစ်ပွဲအတွက် အီရန်၏ စစ်ဘက်သုံးဒရုန်းများအား ရုရှားသို့ ပို့ဆောင်ခြင်းကို အမေရိကန်က ရှုတ်ချကြောင်းနှင့် ရုရှားသို့ အီရန်ဒရုန်းများ ဆက်ထောက်ပံ့ပေးနေသည်ကို မြင်တွေ့ရကြောင်း အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်များကို ပြောသည်။

အရေးယူပိတ်ဆို့မှုအဖြစ် ရုရှားသို့ အီရန်ဒရုန်းများ ပို့ဆောင်ပေးသော ရုရှားကာကွယ်ရေးနယ်ပယ်မှ ကုမ္ပဏီအများအပြားကို ပစ်မှတ်ထားဖွယ်ရှိသည်ဟု အမေရိကန်အရာရှိများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required