နယ်စပ်ဖြတ်ကျော်ဆန္ဒပြမှုများကြောင့် တောင်အာရှ၌ တရုတ်ဩဇာလွှမ်းမိုးနိုင်မှု လျော့နည်းလာ

နယ်စပ်ဖြတ်ကျော်ဆန္ဒပြမှုများကြောင့် တောင်အာရှ၌ တရုတ်ဩဇာလွှမ်းမိုးနိုင်မှု လျော့နည်းလာ

သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် မော်လ်ဒိုက်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် တရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုများ ပေါ်ပေါက်လာသောကြောင့် တရုတ်၏ ရည်မှန်းချက်ကြီးမားလှသော တောင်တရုတ်ပင်လယ်၌ သြဇာလွှမ်းမိုးရေးမှာ မရေရာမသေချာဖြစ်လာဟန်ရှိသည်။

အဆိုပါနိုင်ငံများမှ ပြည်သူများ မကျေနပ်မှုများကြီးထွားလာရခြင်းမှာ တရုတ်၏ များပြားလှသောချေးငွေ အကြွေးထောင်ချောက်နှင့် နိုင်ငံအတွင်း တရုတ်ဝင်ရောက်စွက်ဖက်မှုနှင့်နေရာယူမှုတို့ကြောင့် ဖြစ်သည်။

သီရိလင်္ကာတွင် လက်ရှိဖြစ်ပွားနေသော စီးပွားရေးအကျပ်အတည်းကြောင့် ချေးငွေပြန်မဆပ်နိုင်ဘဲ ဟမ်ဘန်တိုတာဆိပ်ကမ်းကို တရုတ်တို့ဆီ ပေးလိုက်ရသဖြင့် ပြဿနာများကို ပိုဆိုးရွားလာစေသည်ဟု The Singapore Post က ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်က ပြန်မဆပ်နိုင်သော တရုတ်ကြွေးမြီမှာလည်း ယခုအခါ ၁၂ ဒသမ ၃၈ ဘီလီယံ နီးပါးရှိပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မူစတာဖာကာမယ်က တရုတ်ချေးငွေများကို မယူမီ ၂ ကြိမ်ပြန်စဉ်းစားရန် သတိပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင်လည်း တရုတ်နိုင်ငံ ရှင်ကျန်းရှိ တိုင်းရင်းသား လူနည်းစု ဝီဂါမွတ်စလင်များအပေါ် တရုတ်၏ပြုမူဆက်ဆံပုံကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

အိန္ဒိယကိုထောက်ခံသူနှင့် တရုတ်ကိုထောက်ခံသူဟူ၍ နိုင်ငံရေးအုပ်စုများ ကွဲပြားနေသော မော်လ်ဒိုက်တွင်လည်း ဝီဂါမွတ်စလင်များအတွက် ဆန္ဒပြခဲ့ကြသည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) တွင်ပါဝင်ရန် ၂၀၁၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော နီပေါနိုင်ငံသည် ကြွေးမြီထောင်ချောက်စိုးရိမ်မှုများကြောင့် ယခုအခါ စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ တောင်အာရှနိုင်ငံများသည် ယခုအခါ တရုတ်၏ သံသယဖြစ်ဖွယ် စီးပွားရေးလှုပ်ရှားမှုများကို ဂရုတစိုက်စောင့်ကြည့်ရင်း ကြွေးမြီထောင်ချောက်ထဲ မကျရောက်စေရန် ကြိုးပမ်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required