တရုတ်ခေါင်းဆောင် ကျန်ဇီမင်းနှင့် အပြစ်စွန်းထင်းနေသော တိဗက်အမွေအနှစ်

တရုတ်ခေါင်းဆောင် ကျန်ဇီမင်းနှင့် အပြစ်စွန်းထင်းနေသော တိဗက်အမွေအနှစ်

တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်းသည် သွေးကင်ဆာနှင့် ကိုယ်တွင်းအင်္ဂါများယိုယွင်းပျက်စီးမှုကြောင့် ပြီးခဲ့သည့်လက ရှန်ဟိုင်းတွင် ကွယ်လွန်ခဲ့ပြီးနောက် ရုပ်အလောင်းကို ဒီဇင်ဘာ ၅ ရက်တွင် ပေကျင်း၌ မီးသဂြိုလ်ခဲ့ကြသည်။

အသက် ၉၆ နှစ်အရွယ် ကျန်ဇီမင်းသည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌနှင့် တရုတ်သမ္မတအပါအဝင် ထိပ်တန်းရာထူးများကို ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်အနည်းငယ်အနက် တစ်ဦးဖြစ်သည်။

တရုတ်၏စီးပွားရေးတိုးတက်စေခဲ့သည့် ကျန်ဇီမင်းဦးဆောင်မှုအောက်၌ တိုးတက်မှုခြေလှမ်းများစွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုကြသည်။ တိဗက်ကွန်မြူနစ်ပါတီခွဲအတွင်းရေးမှူးက “သူနဲ့ပတ်သက်ပြီး အမှတ်တရတွေ ရှိခဲ့လို့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဆိုသည်။

သို့သော် ၁၉၅၀ ခုနှစ်အလွန်တွင် တရုတ်တို့ သိမ်းပိုက်ခဲ့သော တိဗက်ရှိ တိဗက်လူမျိုးများအပေါ် ကျန်ဇီမင်းက လူသားချင်းမစာနာသည့် ရာဇဝတ်မှုများနှင့် အာဏာရှင်ဆန်ခဲ့မှုများရှိသည်ဟူသော သတင်းဆိုးများထွက်သည့် အစွန်းအထင်းများနှင့်တိဗက်အမွေအနှစ်ကို ချန်ထားရစ်သည်ဟု ဒေလီအခြေစိုက် အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Tibet Rights Collective က ပြောသည်။

တိဗက်များနှင့်ဝီဂါများက ကျန်ဇီမင်း၏အုပ်ချုပ်မှုအား ဖိနှိပ်ချုပ်ချယ်မှုမူဝါဒများကို တင်းကျပ်သည့်အစပြုမှုအဖြစ် သတိရနေကြပြီး ယနေ့ခေတ်တွင် ရှီကျင့်ဖျင်က ကြောက်စရာကောင်းသော အဆင့်များသို့ တိုးမြှင့်ခဲ့သည်ဟု တိဗက်အခွင့်အရေးအဖွဲ့က ပြောသည်။

တရုတ်စီးပွားရေးတည်ဆောက်မှုအတွက် တိဗက်ပေါင်းစည်းရေးမူဝါဒကို ကြေညာသည့် ၁၉၉၄ ခုနှစ်တွင် ပေကျင်း၌ ကျင်းပသော ‘တတိယအကြိမ် တိဗက်လုပ်ငန်းရေးရာ ဖိုရမ်’ ၏ရလဒ်အဖြစ် တရုတ်သည် ကျန်ဇီမင်းလက်ထက်တွင် တိဗက်ရေးရာမူဝါဒများကို တင်းကျပ်ခဲ့ကြောင်း Tibet Rights Collective အဖွဲ့၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကျန်ဇီမင်းလက်ထက်တွင် တိဗက်-တရုတ်ပဋိပက္ခကိုဖြေရှင်းရန် ပြန်လည်စေ့စပ်သောဆွေးနွေးမှုများလည်း ရှိခဲ့ကြောင်း ကျန်ဇီမင်းကွယ်လွန်မှုအပြီးထုတ်ပြန်ခဲ့သည့် တိဗက်ရေးရာနိုင်ငံတကာလှုပ်ရှားမှု၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကျန်ဇီမင်းလက်ထက် ၁၉၉၅ ခုနှစ်တွင် တရုတ်အစိုးရက ၆ နှစ်အရွယ် ပန်ချန်လားမားကို ၎င်းတို့အပိုင်အဖြစ် ထိန်းသိမ်းခဲ့ပြီးကတည်းက ယနေ့အချိန်ထိ မတွေ့ရတော့ကြောင်း ဝါရှင်တန်အခြေစိုက် Tibet Rights Collective အဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly