Neuralink ချစ်ပ်ကို လူ့ဦးနှောက်ထဲ ထည့်သွင်းစမ်းသပ်မှုကို ၆ လ အတွင်း လုပ်ဆောင်ရန်ရှိဟု အီလွန်မက်စ် ပြော

By Business Insider
11 December 2022
Neuralink ချစ်ပ်ကို လူ့ဦးနှောက်ထဲ ထည့်သွင်းစမ်းသပ်မှုကို ၆ လ အတွင်း လုပ်ဆောင်ရန်ရှိဟု အီလွန်မက်စ် ပြော

ဒီဇင်ဘာလ ၁၀ ရက်

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မက်စ်က သူ၏ အာရုံကြောနည်းပညာကုမ္ပဏီ Neuralink က ထုတ်လုပ်ထားသည့် ဦးနှောက် chips (မှတ်ဉာဏ်ချစ်ပ်) များကို ခြောက်လအတွင်း လူနှင့် စမ်းသပ်မှုများ လုပ်ဆောင်ရန် အသင့်ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

Neuralink ကုမ္ပဏီသည် နိုဝင်ဘာ ၃၀ ရက်က ကယ်လီဖိုးနီးယားရှိ ကုမ္ပဏီဌာနချုပ်တွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပွဲအခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားကို မူလက အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း မက်စ်က အကြောင်းပြချက် တစ်စုံတရာ မပေးဘဲ နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

“Neuralink ရဲ့ နည်းပညာကိရိယာဟာ လူတွေအတွက် အသင့်ဖြစ်ပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် FDA အတည်ပြုချက် ရယူတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်” ဟု ဘီလျံနာသူဌေးကြီးက ပွဲအခမ်းအနားအပြီး တွစ်တာတွင် ရေးသည်။

အကြွေစေ့တစ်ပြား အရွယ်အစားမျှ ရှိသည့် Neuralink ဦးနှောက်ချစ်ပ်တွင် လျှပ်ခေါင်းများဖြင့် မြှုပ်ထားသည့် သေးမျှင်သော ဝိုင်ယာကြိုးများ ရှိပြီး ယင်းက ဦးနှောက် လှုပ်ရှားမှုကို စောင့်ကြည့်ရန်နှင့် လျှပ်စစ်ဆိုင်ရာအရ ဦးနှောက်ကို လှုံ့ဆော်ပေးရန် ရည်ရွယ်သည်။ Neuralink သည် ကုမ္ပဏီက ထုတ်လုပ်နေသော စက်ရုပ်တစ်ခုဖြင့် လူသားတစ်ဦး၏ ဦးခေါင်းခွံတစ်ခုတွင်းသို့ ချစ်ပ်ကို ထည့်သွင်းရန် ရည်ရွယ်သည်။

ပွဲအခမ်းအနားတွင် မက်စ်သည် Neuralink ဦးနှောက်ချစ်ပ်တစ်ခု ထည့်သွင်းထားသည် ဆိုသည့် မျောက်တစ်ကောင်၏ ဗီဒီယိုကို ပြသရင်း ဦးနှောက်-ကွန်ပြူတာ ကြားခံဆက်သွယ်ပေးသည့်စနစ်ဆိုင်ရာ နည်းပညာကို ထုတ်ဖော်ပြသခဲ့သည်။

ထိုနည်းပညာကို လူသားများတွင် အသုံးချချိန်တွင် မက်စ်တွင် ကြီးမားသည့် ရည်ရွယ်ချက်များ ရှိနေသည်။

ကနဦးတွင် ဦးနှောက်နှင့် ကွန်ပြူတာ ကြားခံဆက်သွယ်ပေးသည့်စနစ် နည်းပညာက အကြောသေဝေဒနာများခံစားနေရသူများကို ၎င်းတို့၏ အတွေးများမှတစ်ဆင့် ချိတ်ဆက် ဆက်သွယ်ပေးမည့် နည်းလမ်းတစ်ခု ပေးမည်ဟု မျှော်လင့်သည်။ အနာဂတ်တွင် ကုမ္ပဏီအနေဖြင့် ဥပမာအားဖြင့် ကျောရိုးနဗ်ကြော အပြင်းအထန် ထိခိုက်ထားသည့် လူတစ်ဦးကို ခန္ဓာကိုယ်တစ်ခုလုံး မူလအတိုင်း ပြန်လည် လှုပ်ရှားအလုပ်လုပ်နိုင်စေမည့် နည်းပညာကို ဖန်တီးထုတ်လုပ်ရန် စီစဉ်ထားကြောင်း မက်စ်က ပြောသည်။

မက်စ်သည် Neuralink ၏ ဦးနှောက်ချစ်ပ်များကို လူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းစမ်းသပ်မှုအတွက် လုပ်ဆောင်မည့် အချိန်ကို အကြိမ်ကြိမ် သတ်မှတ်ခဲ့သော်လည်း လွဲချော်ထားခဲ့သည်။

ကုမ္ပဏီအနေဖြင့် ၂၀၂၀ နှစ်ကုန်မတိုင်ခင် ဦးနှောက်ချစ်ပ်တစ်ခုကို လူသား လူနာတစ်ဦး၏ ခန္ဓာကိုယ်ထဲ ထည့်သွင်းရန် မျှော်လင့်ထားကြောင်း မက်စ်က ၂၀၁၉ ခုနှစ်တွင် ပြောခဲ့သည်။ ၂၀၂၀ တွင်လည်း မက်စ်က လူဖြင့် စမ်းသပ်မှုများကို တစ်နှစ်အတွင်း စတင်နိုင်ကြောင်း ပြောခဲ့သည်။ ယင်းနောက် ၂၀၂၁ နှစ် အစောပိုင်းတွင်လည်း မက်စ်က အလားတူ ပြောခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly