မီဇိုရမ်ပြည်နယ်တွင် လူအခွင့်အရေးအခမ်းအနားနှင့် စစ်ဘေးရှောင်ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပ

မီဇိုရမ်ပြည်နယ်တွင် လူအခွင့်အရေးအခမ်းအနားနှင့် စစ်ဘေးရှောင်ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပ

ဒီဇင်ဘာလ ၁၀ ရက်

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ်မြို့တွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့နှင့် စစ်ဘေးရှောင်များအတွက် ရန်ပုံငွေဈေးရောင်းပွဲကို Network for Myanmar မှ ဦးစီးကျင်းပခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၀ရက် ယနေ့တွင် လူ့အခွင့်အရေးနေ့အခမ်းအနားအား မွန်းတည့် ၁၂နာရီ မှ စတင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ငိုက်တမ်မောင် ၊ ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက် မှ အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဒေသခံ အဖွဲ့အစည်းဖြစ်သော မီဇိုလူငယ်အဖွဲ့ မှ အမှာစကားပြောကြားကာ လူ့အခွင့်အရေးနှင့် ပတ်သက်သော သီချင်းများ ပြဇာတ်များဖြင့်တင်ဆက်ခဲ့ကြောင်း ဆိုသည်။

ပြဇာတ်တင်ဆက်မှုတွင် စစ်ဘေးရှောင်စခန်းတစ်ခု ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်မှစ၍ ဆန္ဒထုတ်ဖော်ခဲ့ပုံ ၊ စစ်တပ်နှင့်ရဲမှ ဖြိုခွင်းခဲ့သည်များကို ဒိုင်းများဖြင့်ပြန်လည် ခုခံခဲ့သည့်အခြေအနေ၊ နောက်ဆုံးလက်နက်ကိုင်တော်လှန်ရေးနှင့် စစ်ဘေးရှောင်များဖြစ်ခဲ့ရသည့် နောက်ဆုံးအခြေအနေများ တင်ဆက်ခဲ့သည့်အပေါ် တက်ရောက်လာသူများ အထူးတလည် ခံစားနှစ်ခြိုက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ အစီစဉ် လူအလာနည်းမလားလို့ စိုးရိမ်ခဲ့တာ၊ အခုမျှော်မှန်းတာထက် လာရောက်အားပေးခဲ့ကြတာ တွေ့ရပါတယ် ။ ဈေးရောင်းတဲ့သူတွေတချို့ဆိုလည်း ခပ်စောစောကတည်းက ကုန်သွားကြတယ်” ဟု Network for Myanmar တာဝန်ရှိသူ တစ်ဦးမှ မဇ္စျိမ ကိုပြောသည်။

Network for Myanmar နှင့် လက်တွဲလုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှ မြန်မာအစားအစာများကို နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ရောင်းချခဲ့ပြီး ရရှိလာမည့် အကျိုးအမြတ်များကို စစ်ဘေးရှောင်များနှင့် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် ပြန်လည်အသုံးပြုသွားကြမည်ဖြစ်ကြာင်း ဆိုသည်။

ထို့အပြင် လူ့အခွင့်အရေး ၊ လွတ်လပ်မှုနှင့် တရားမျှတမှုဆိုင်ရာ Photo Shooting Booth Show နေရာသီးခြားပြင်ဆင်ထားပြီး ဓာတ်ပုံများ ၊ ကဗျာ၊ စာများနှင့် ကြွေးကြော်သံများ ချိတ်ဆွဲထားရှိကြောင်း သိရသည်။

Network for Myanmar IDPs, Aizawl အဖွဲ့တွင် Chin Health Organisation (CHO) ၊ NGO United for Democratic Myanmar (NUFDM) ၊ Myanmar Refugees Reliefe Committee, Mizoram (MRRCM) ၊ Kalay Crisis Support Team (KCST)၊ Youth for Myanmar (YFM) နှင့် Matupian အစရှိသည့် အဖွဲ့အစည်းများစုပေါင်း၍ ကွန်ရက်ဖွဲ့စည်းပြီး စစ်ဘေးရှောင်များကို တတ်စွမ်းသမျှ အကူအညီများ ပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly