ကညွတ်ကွင်းမြို့အခြေစိုက် ခမရ (၄၃၉)တပ်ရင်းဂိတ်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်ပစ်ခတ်တိုက်ခိုက် ၊ စစ်ကောင်စီ တပ်သား ၂ ဦးသေ

ကညွတ်ကွင်းမြို့အခြေစိုက် ခမရ (၄၃၉)တပ်ရင်းဂိတ်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်ပစ်ခတ်တိုက်ခိုက် ၊ စစ်ကောင်စီ တပ်သား ၂ ဦးသေ

ဒီဇင်ဘာလ ၁၀ ရက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အခြေစိုက် ခမရ(၄၃၉) တပ်ရင်းဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ က သိရသည်။

စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လက်အောက်ခံ ကညွတ်ကွင်းမြို့ အ‌ခြေစိုက် ခမရ(၄၃၉) ခြေမြန် တပ်ရင်း လုံခြုံရေးဂိတ်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ကညွတ်ကွင်းမြို့ရဲ့ အရှေ့ဘက် လေးဖာလုံ အကွာမှာ ရှိတဲ့ ခမရ တပ်ရင်းကို ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်တာပါ။ တပ်ရင်းရှေ့က ကင်းတဲ ကို ပစ်ခတ်တာဖြစ်ပါတယ်။ ဂိတ်မှာလေးယောက်ရှိပါတယ်” ဟု ပဲခူးတိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (9 Kwins Figthers Force မြို့ပြပြောက်ကျားအဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်သား လေးဦးရှိနေသည့် ကင်းတဲကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ကင်းတဲဂိတ်ရှိ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ အခုအချိန်အထိ ဒဏ်ရာပြင်းထန်တယ်ပဲ ကြားသိ ထားရတယ်။ ကျန်တာ မသိရသေးဘူး။ သူတို့ဘက်ကတော့ အဲ့ဒီလို သတင်းမျိုးကို အပြင်ထွက်မှာစိုးတော့ ထိန်းထားတတ်တယ်” ဟု ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ကင်းတဲဂိတ်အား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ ဒီကာလကတော့ ပြည်သူ့ခုခံစစ်ကို အပြင်းထန်ဆုံး အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်ဆောင်နေတဲ့ ကာလဖြစ်လို့ စစ်ကောင်စီနဲ့ ပတ်သက်တာမျိုးတွေ စစ်ကောင်စီ ယန္တယားအောက်မှာ အလုပ်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံး နုတ်ထွက်ဖို့ သတိပေးချင်တယ်။ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်အပြင် သူတို့ရဲ့ ဒေါက်တိုင် တွေနဲ့ပါ အနီးကပ်နေထိုင်ခြင်းတွေ မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက အသိပေး ပြောကြားသည်။

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များတွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ထိခိုက် သေဆုံးမှုများလည်း ရှိနေသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly