နမခ မှ ထွက်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

နမခ မှ ထွက်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ဒီဇင်ဘာလ ၁၀ ရက်

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရရှိသွားကြောင်း Chindwin Brothers PDF က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၉ရက် နံနက် ၈နာရီ ၃၀မိနစ်အချိန်မှစ၍ နမခ မှ ဘုတင်မြို့သို့ အင်အား ၆၅ယောက်ဖြင့် စတင်ထွက်ခွာလာရာ နမခ အရှေ့မြောက်ဖက် မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်ကြားအရောက်တွင် ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ အချိန်မီ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

အဆင့်မြင့် ရှေ့ထွက်မိုင်း ၁၂လုံးဖြင့် ကြားဖြတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ငါးဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာ ရရှိသွားကြောင်းကို ဒေသခံပြည်သူတစ်ဦး သတင်းပေးပို့ချက်အရ ပြန်လည် သိရှိရခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။

ယင်းသို့ ဖောက်ခွဲတိုက်ခိုက်မှုအပြီး နမခ တပ်ထဲမှ ရဟတ်ယာဉ်တစ်စီး တက်လာပြီး သေဆုံး ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာသို့ ရောက်ရှိလာပြီး အထုတ်သုံးထုတ် ချပေးသွားကြောင်း ဆိုသည်။

ယင်းနောက် သေဆုံးဒဏ်ရာရရှိသူများကို ထမ်းစင်များဖြင့်လည်းကောင်း၊ အချို့အား တွဲခေါ်၍လည်းကောင်း နီးစပ်ရွာကျေးရွာအတွင်းသို့သယ်ဆောင်သွားကြပြီး ရွာအတွင်းရှိ ကြက် ၊ ဝက်များကို သတ်ဖြတ်စားသောက်နေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers PDF နှင့်အတူ Anonymous Hero ၊ ချိုမိုင်မိုင် ၊ Bo Tite Maung ၊ တပင်ရွှေထီး (ဆံရှည်) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly