ဒီဇင်ဘာလ ၁၀ ရက်
မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက စက်သုံးဆီတင်ဆောင်ရောင်းချသည့်ကားတစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် ကမ်းနားလမ်းဘေးအထိုင်ချပြီး၊ ခွေးဘီလူးကားပေါ် စက်သုံးဆီတင်ဆောင်ရောင်းချနေစဥ် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
"ခွေးဘီလူးပေါ် ဆီတိုင်ကီတင်ပြီး ရောင်းတဲ့ဆိုင်လေးပါ၊ ဆီဆိုင်လောင်တာမဟုတ်ဘူး၊ ကားတစ်စီးလုံးတော့ပျက်စီးသွားတယ်" ဟု မီးသတ်ဝန်ထမ်းတစ်ဦးက ပြောသည်။
မီးလောင်မှုကြာချိန် ၁၅ မိနစ်အတွင်း၊ မီးလောင်သည့်ကားအနီးရှိ နေအိမ်ဝင်းထရံ အိမ်သာနှင့် မြင်းလှည်းတစ်စီး မီးကူးစက်လောင်ကျွမ်းခံလိုက်ရကြောင်းလည်း ၎င်းကဆိုသည်။
မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ Level 1 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)