မန္တလေးတွင် စက်သုံးဆီတင်ရောင်းသည့်ကား မီးလောင်မှုဖြစ်

မန္တလေးတွင် စက်သုံးဆီတင်ရောင်းသည့်ကား မီးလောင်မှုဖြစ်

ဒီဇင်ဘာလ ၁၀ ရက်

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက စက်သုံးဆီတင်ဆောင်ရောင်းချသည့်ကားတစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် ကမ်းနားလမ်းဘေးအထိုင်ချပြီး၊ ခွေးဘီလူးကားပေါ် စက်သုံးဆီတင်ဆောင်ရောင်းချနေစဥ် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့​​ခြင်းဖြစ်ကြောင်းသိရသည်။

"ခွေးဘီလူးပေါ် ဆီတိုင်ကီတင်ပြီး ရောင်းတဲ့ဆိုင်လေးပါ၊ ဆီဆိုင်လောင်တာမဟုတ်ဘူး၊ ကားတစ်စီးလုံးတော့ပျက်စီးသွားတယ်" ဟု မီးသတ်ဝန်ထမ်းတစ်ဦးက ပြောသည်။

မီးလောင်မှုကြာချိန် ၁၅ မိနစ်အတွင်း၊ မီးလောင်သည့်ကားအနီးရှိ နေအိမ်ဝင်းထရံ အိမ်သာနှင့် မြင်းလှည်းတစ်စီး မီးကူးစက်လောင်ကျွမ်းခံလိုက်ရကြောင်းလည်း ၎င်းကဆိုသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ Level 1 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly