အာဖဂန်တာလီဘန် ကာကွယ်ရေးဝန်ကြီးက ပါကစ္စတန် ဒုနိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံရန် ငြင်းဆန်

By Kashmir Life
09 December 2022
အာဖဂန်တာလီဘန် ကာကွယ်ရေးဝန်ကြီးက ပါကစ္စတန် ဒုနိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံရန် ငြင်းဆန်

အာဖဂန်နစ္စတန် တာလီဘန်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး မူလာ ယာကွတ်ဘ်သည် နိုဝင်ဘာ ၂၉ ရက်က ကဘူးလ်သို့ ရောက်ရှိလာသည့် ပါကစ္စတန် ဒုနိုင်ငံခြားရေးဝန်ကြီး ဟီနာ ရတ်ဘာနီ ခါးနှင့် တွေ့ဆုံရန် ပါကစ္စတန်၏ ပန်ကြားချက်ကို လက်မခံဘဲ ပယ်ချလိုက်ကြောင်း the Daily Times မီဒီယာက ဖော်ပြသည်။

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ကို ပိုင်းခြားထားသည့် နယ်စပ်မျဉ်းဖြစ်သည့် ဒူရန်းမျဉ်းတလျှောက် တာလီဘန်တပ်ဖွဲ့ဝင်များနှင့် ပါကစ္စတန်တပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်မှုများ မြင့်တက်နေစဉ် ပါကစ္စတန် ဒုနိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံရန် တာလီဘန် တည်ထောင်သူ မူလာ မိုဟာမက် အိုမာ၏ သားဖြစ်သည့် ယာကွတ်ဘ်က ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

ယာကွတ်ဘ်၏ ငြင်းဆန်မှုက ပါကစ္စတန်အစိုးရအတွက် အရှက်ရစရာ ဖြစ်စေခဲ့သည်။

လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ကဘူးလ်မြို့ရှိ ပါကစ္စတန်သံရုံးက မူလာ ယာကွတ်ဘ်နှင့် ဟီနာ ရတ်ဘာနီ ခါးတို့ တွေ့ဆုံနိုင်ရေး စီစဉ်ရန် ကြိုးပမ်းခဲ့သော်လည်း အထမမြောက်ခဲ့ပေ။

ဟီနာ ရတ်ဘာနီသည် အာဖဂန်နစ္စတန်ကို လာရောက်သည့် ပြည်ပနိုင်ငံတစ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သည်။

သို့သော် ဟေဂျပ် ဝတ်ဆင်ခြင်း မရှိသည့် ပါကစ္စတန် ဝန်ကြီးသည် ပါကစ္စတန်၏ မဟာဗျူဟာ နက်နဲစေ့စပ်မှုအပိုင်းတွင် ဘဝင်ကျအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။

အာဖဂန်နစ္စတန်အပေါ် ထားရှိသည့် ပါကစ္စတန်၏ မူဝါဒများနှင့်ပတ်သက်ပြီး မူလာ ယာကွတ်ဘ်က စိုးရိမ်ပူပန်လျက်ရှိသည့်အတွက် ဟီနာ ရတ်ဘာနီ ခါးနှင့် တွေ့ဆုံရန် ငြင်းဆန်ခြင်းအားဖြင့် ၎င်း၏ စိုးရိမ်ပူပန်မှုများကို ပါကစ္စတန်အာဏာပိုင်တို့ထံ အသိပေးခဲ့ခြင်းဖြစ်သည်ဟု တာလီဘန်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Afghanistan International မီဒီယာကို ပြောကြောင်း Daily Times သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required