အာဖဂန်နစ္စတန်၌ VOA နှင့် RFE/RL တို့၏ ရေဒီယိုထုတ်လွှင့်မှုများကို တာလီဘန်တို့ ပိတ်ပင်

အာဖဂန်နစ္စတန်၌ VOA နှင့် RFE/RL တို့၏ ရေဒီယိုထုတ်လွှင့်မှုများကို တာလီဘန်တို့ ပိတ်ပင်

တာလီဘန်တို့သည် VOA နှင့် RFE/RL သတင်းမီဒီယာတို့၏ အာဖဂန်ရေဒီယိုထုတ်လွှင့်မှုဌာနများမှ FM ရေဒီယိုထုတ်လွှင့်မှုများကို ဒီဇင်ဘာ ၁ ရက်က ပိတ်ပင်တားမြစ်လိုက်သည်။ အဆိုပါ မီဒီယာများသည် သတင်းစာပညာဆိုင်ရာ စည်းမျဉ်းများအတိုင်း လိုက်နာခြင်း မရှိဘဲ တစ်ဖက်စောင်းနင်း ထုတ်လွှင့်မှုများ လုပ်ဆောင်ခြင်းကြောင့် တားမြစ်ပိတ်ပင်ရခြင်း ဖြစ်ကြောင်း တာလီဘန်တို့က ပြောသည်။

“အမေရိကန်တွေ လာရောက်နေထိုင်ပြီးနောက်ပိုင်း ထုတ်လွှင့်မှုတွေ စတင်ခဲ့တဲ့ ရေဒီယို အဇာဒီ (RL) ဟာ သတင်းစာပညာဆိုင်ရာ စည်းမျဉ်းတွေအတိုင်း မလိုက်နာသလို တစ်ဖက်သက်ဖြစ်တဲ့ ထုတ်လွှင့်မှုတွေ လုပ်ခဲ့တာ ကြောင့် ခုလို ပိတ်ပင်တားမြစ်လိုက်ရတာဖြစ်ပါတယ်” ဟု လက်ရှိ အာဖဂန်အစိုးရ၏ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအတွက် ရုပ်သံ၊ ရေဒီယိုထုတ်လွှင့်မှုပိုင်းကို ကြီးကြပ်သည့် အဗ္ဗဒူလ် ဟက်ခ် ဟမ်မက်ဒ်က တွစ်တာတွင် ရေးသည်ဟု Khaama Press မီဒီယာက ဖော်ပြသည်။

အာဖဂန်၏ ပြည်နယ် ၁၃ ခုတွင် Radio Azadi ၏ ထုတ်လွှင့်မှုများကို ပိတ်ပင်ထားကြောင်း ဟမ်မက်ဒ်က တွစ်တာတွင် ရေးသည်။

အလားတူ ဒီဇင်ဘာ ၁ ရက်မှစပြီး VOA ၏ ရေဒီယိုထုတ်လွှင့်မှုများအပေါ် ပိတ်ပင်ချက် ချမှတ်သည်ဆိုပြီး အာဖဂန် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ ညွှန်ကြားချက်သစ်တစ်ရပ် ထွက်ခဲ့ကြောင်း VOA က ဖော်ပြသည်။

ယခင်က Tolo TV ၊ TOLONews နှင့် Lamar TV ချန်နယ်များတွင် ထုတ်လွှင့်ခဲ့သည့် Ashna TV ဟု သိကြသော Voice of America ရုပ်သံအစီအစဉ်ကို အာဖဂန် အာဏာပိုင်တို့က ယခုနှစ် မတ်လ ၂၇ ရက်တွင် ဆိုင်းငံ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required