ပါကစ္စတန်တွင် စီးပွားရေးလုပ်ငန်းရှင် ၃ ဦး အသတ်ခံရမှုအတွက် ဆန္ဒပြမည်ဟု ဒေသခံများ ခြိမ်းခြောက်

By The News International
09 December 2022
ပါကစ္စတန်တွင် စီးပွားရေးလုပ်ငန်းရှင် ၃ ဦး အသတ်ခံရမှုအတွက် ဆန္ဒပြမည်ဟု ဒေသခံများ ခြိမ်းခြောက်

ပါကစ္စတန်နိုင်ငံ မြောက်ဝါဇီရစ္စတန်ခရိုင်တွင် လူငယ်စီးပွားရေးလုပ်ငန်းရှင် ၃ ဦး အသတ်ခံရမှုဖြစ်စဉ်အပေါ် ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြလှုပ်ရှားမှုတစ်ခု လုပ်ဆောင်မည်ဟု ဘန်နူဒေသမှ မျိုးနွယ်စုကောင်စီတစ်ခု၏ အဖွဲ့ဝင်များက ဒီဇင်ဘာ ၁ ရက်တွင် ခြိမ်းခြောက်လိုက်သည်။

အသတ်ခံရသည့် လူငယ်အမျိုးသားများသည် စိန်ရွှေရတနာဆိုင်လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြပြီး ၎င်းတို့သည် စီးပွားရေးလုပ်ငန်းကိစ္စဖြင့် မြောက်ဝါဇီရစ္စတန် မျိုးနွယ်စုခရိုင်သို့ သွားခဲ့ကြခြင်း ဖြစ်ကြောင်း ဘန်နူ ဘာချောင် တီရစ် မျိုးနွယ်စုကောင်စီ၏ တည်ထောင်သူ ဆိုင်ယက် ကိုင်ဆာ အာဘတ်စ် ရှားက ဘန်နူမြို့တွင် ကျင်းပသည့် မျိုးနွယ်စုကောင်စီများ အစည်းအဝေးအပြီး ဂျာနယ်လစ်များကို ပြောသည်။

“ပုံမှန်ဆိုရင်တော့ စီးပွားရေးအသိုင်းအဝိုင်းထဲက လုပ်ငန်းရှင်တွေအနေနဲ့ တခြား အရပ်ဒေသတွေကို သွားလာတဲ့အခါ တလေးတစား ဆက်ဆံခံရပါတယ်။ ဒါပေမယ့် မြောက်ဝါဇီရစ္စတန်မှာတော့ အခြေအနေက မတူပါဘူး။ ဘန်နူနဲ့ အခြား ဧရိယာတွေက လူတွေဟာ အဲဒီမှာ အသတ်ခံနေရပါတယ်” ဟု ဆိုင်ယက်က ပြောသည်။

ထိုကဲ့သို့သော ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသည့် လူသတ်မှုဖြစ်စဉ်များ ထပ်မံ မဖြစ်ပေါ်စေရေး တားဆီးနိုင်ရန် မြောက်ဝါဇီရစ္စတန်ခရိုင်မှ လွှတ်တော်အမတ်များနှင့် သက်ကြီးဝါကြီးများအနေဖြင့် ကူညီဆောင်ရွက် ပေးသင့်ကြောင်း သူက ပြောသည်။

“ပြီးခဲ့တဲ့ ကာလတွေတုန်းက စစ်သွေးကြွတိုက်ခိုက်မှုတွေနဲ့ စစ်တပ် စစ်ဆင်ရေးတွေကြောင့် မြောက်ဝါဇီရစ္စတန် က မျိုးနွယ်စုဝင်တွေ ဒီကို အစုအပြုံလိုက် ရောက်လာကြတုန်းက ဘန်နူ ဒေသခံတွေဟာ သူတို့အတွက် နေစရာတွေ စီစဉ်ပေးခဲ့ပါတယ်” ဟု သူက ပြောသည်။ “ခုချိန်မှာတော့ တနေ့တခြားဆိုသလို ကျွန်တော်တို့ ဒေသခံတွေဟာ မျိုးနွယ်စုခရိုင်ဆီကနေ အလောင်းတွေကို ပြန်လက်ခံနေရပါတယ်” ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required