မီဇိုရမ်ပြည်နယ်တွင် လူ့အခွင့်ရေးအခမ်းအနားနှင့် စစ်ဘေးရှောင်ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပမည်

မီဇိုရမ်ပြည်နယ်တွင် လူ့အခွင့်ရေးအခမ်းအနားနှင့် စစ်ဘေးရှောင်ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပမည်

ဒီဇင်ဘာလ ၉ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ အခမ်းအနားကျင်းပပြီး မြန်မာအစားအစာများရောင်းချ၍ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေ ရှာဖွေသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သည့် Network for Myanmar IDPs, Aizawl အဖွဲ့ထံမှ သိရသည်။

အခမ်းအနားနှင့် ဈေးရောင်းပွဲကို ဒီဇင်ဘာ ၁၀ရက်၊ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အိုက်ဇောလ်မြို့ Aijal Club (City Park) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“ အခမ်းအနားကို နှစ်ပိုင်းခွဲကျင်းပမယ်။ ပထမပိုင်းမှာ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဒေသခံကျောင်းသား လူငယ်အဖွဲ့အစည်းများရဲ့ မိန့်ခွန်းစကားပြောတာနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သီချင်း ပြဇာတ် တွေ တင်ဆက်ဖို့ရှိမယ်။ နောက် ဒုတိယအပိုင်းမှာ ဒေသခံ မီဇိုအဆိုတော်တွေနဲ့ မြန်မာတေးသံရှင်တွေက ဖျော်ဖြေကြမှာ၊ အစားအစာတွေကတော့ တစ်ချိန်လုံး ရောင်းချပေးထားမှာဖြစ်ပါတယ် ” ဟု Network for Myanmar IDPs, Aizawl တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းမှ မိန်းခွန်းပြောကြားနိုင်ရန် စီစဉ်ထားပြီး ဒေသတွင်းရှိ ဩဇာနှင့် အင်အားကြီးမားသော လူငယ်အဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းများမှလည်း အခမ်းအနားတွင် ပါဝင်တက်ရောက် စကားပြောကြမည် ဖြစ်ကြောင်းဆိုသည်။

ဒုတိယပိုင်းအစီအစဉ်တွင် မီဇိုရမ်ပြည်နယ်မှအဆိုတော်များ၊ မြန်မာနိုင်ငံသား အဆိုတော်များမှ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပသည့်နေရာသည် ယခင်က ရန်ပုံငွေဈေးရောင်းပွဲများပြုလုပ်ခဲ့သကဲ့သို့ ဈေးအနီး လမ်းသွားလမ်းလာများ ဝင်ရောက်စားသုံးနိုင်သည့် နေရာမျိုးမဟုတ်ဘဲ သီးသန့်လာရောက် အားပေးရမည့်နေရာမျိုးဖြစ်သည့်အတွက် ဒေသခံသတင်းစာများနှင့် လူမှုကွန်ရက်များမှ ကျယ်ကျယ်ပြန့်ပြန်ဖိတ်ကြားထားကြောင်း ဆိုသည်။

အစားအစာများကိုလည်း နံနက် ၉နာရီမှ စတင်ရောင်းချသွားမည်ဖြစ်ပြီး မုန့်ဟင်းခါး ၊ ရခိုင်မုန့်တီ ၊ ဝက်သားဒုတ်ထိုး ၊ အသုတ်မျိုးစုံနှင့် အကြော်များ စသဖြင့် မြန်မာ့ရိုးရာ စားစရာများရောင်းချသွားမည်ဖြစ်ကြောင်း Network for Myanmar တာဝန်ရှိသူမှ ဆက်လက် ပြောကြားသည်။

ဈေးရောင်းပွဲမှ ရရှိလာမည့် အကျိုးအမြတ်များကိုလည်း စစ်ဘေးရှောင်များနှင့် မြန်မာနိုင်ငံဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဆိုသည်။

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအား Network for Myanmar IDPs, Aizawl တွင် Chin Health Organisation (CHO) ၊ NGO United for Democratic Myanmar (NUFDM) ၊ Myanmar Refugees Reliefe Committee, Mizoram (MRRCM) ၊ Kalay Crisis Support Team (KCST)၊ Youth for Myanmar (YFM) နှင့် Matupian အစရှိသည့် အဖွဲ့အစည်းများစုပေါင်း၍ ကွန်ရက် ဖွဲ့စည်းပြီး အကူအညီများပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly