နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုတာ ဘယ်လိုတွန်းလှန်ကြမလဲ။

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုတာ ဘယ်လိုတွန်းလှန်ကြမလဲ။

ဒီဇင်ဘာလ ၉ ရက်

ဆိုရှယ်မီဒီယာဟုဆိုသည်နှင့် အကျိုးအကြောင်းအဆိုးအကောင်း ဒွန်တွဲနေသည်ကို စာဖတ်သူတို့ သိရကြ ပြီးဖြစ်လိမ့်မည်။ ဆိုရှယ်မီဒီယာကြောင့် ကျော်ကြားအောင်မြင်သွားသူများရှိသကဲ့သို့ ဆိုရှယ်မီဒီယာ ကြောင့်ပင် အခက်ကြုံနေရသူများလည်း ရှိနေသည်။

ဆိုရှယ်မီဒီယာအသုံးပြုသူအများစုက မိမိ၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို လွယ်လင့်တကူ ဖော်ပြလေ့ရှိကြသည်။ ထိုအချက်က ယခုအာဏာသိမ်းချိန်တွင် စစ်ကောင်စီ၏လော်ဘီများဖြစ်သော ဟန်ငြိမ်းဦးနှင့်အလားတူ တယ်လီဂရမ်ချန်နယ်များမှ အကြမ်းဖက်ရန်အားပေးလှုံ့ဆော်ခြင်းများအတွက် အထောက်အကူ ဖြစ်နေခဲ့သည်။

အာဏာသိမ်းမှုကိုလက်မခံသည့် နွေဦးတော်လှန်ရေးအင်အားစုများကိုဦးတည်ကာ အကြမ်းဖက်ရန် ပစ်မှတ်ထားခံနေကြရပြီး ထိုထဲတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုကာ လှုံ့ဆော်မှု များလည်း ရှိနေသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များမှ တိုက်ခိုက်ရေးသားမှုများ။

တော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်နေသော အနုပညာရှင် အမျိုးသမီးများ၊ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ အမျိုးသမီးများကိုအသရေဖျက်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုခြင်းများ အများအပြားရှိနေခဲ့သည်။ ဥပမာဆိုသော် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အမျိုးသမီးနှင့်ကလေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး မအိသင်ဇာမောင်သည် ယခင် ရိုဟင်ဂျာအရေးလှုပ်ရှားမှုများ၊ လူ့ဘောင်သစ်ပါတီကိုယ်စားလှယ် လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မှုများကတည်းက အမျိုးသမီးဖြစ်တည်မှုအပေါ် စော်ကားပြောဆိုခံခဲ့ရ ခြင်းများရှိနေခဲ့သည်။

ယခုအာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အခြားသူ၏ပုံကိုအသုံးပြုကာ ဘာသာခြားဖြင့်လက်ထပ်လိုက် ပြီဖြစ်ကြောင်းကို သတင်းမှားဖြန့်ခဲ့ကြသေးသည်။

အလားတူပင် ၂၀၁၃ ခုနှစ် Miss Grand International မော်ဒယ်တစ်ဦးဖြစ်သည့် အလှမယ် ထားထက်ထက်မှ အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်နေ ကြောင်းအသိပေးပြီးသည့်အချိန်မှစ၍ ဆိုရှယ်မီဒီယာတွင် နည်းမျိုးစုံဖြင့် တိုက်ခိုက်ခံနေရသည်။

သူ၏ အမျိုးသမီးဖြစ်တည်မှုကိုထိပါးကာ လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရခြင်း၊ တောထဲတွင်ကိုယ်ဝန်ရှိနေခြင်း၊ ရုပ်ရည်ပိုင်းဆိုင်ရာပြောင်းလည်းမှုများကိုပြောဆိုတိုက်ခိုက်ခြင်း စသည့်သတင်းတုဖြင့် ဇာတ်ကြောင်းများ ဖန်တီးကာ တိုက်ခိုက်မှုများ ရှိသည်။

အခြားအမည်မကျော်ကြားသော်လည်း တော်လှန်ရေးတွင် တစ်နည်းနည်းဖြင့် ပါဝင်ခြင်း၊ ဆိုရှယ်မီဒီယာ တွင် စစ်ကောင်စီ မကောင်းကြောင်းများ ဖော်ပြခြင်း သို့တည်းမဟုတ် တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့်အကြောင်းများ ဖော်ပြခြင်းများကိုလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များနှင့်အတူ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်ဖော်ပြကာ အကြမ်းဖက်ရန်လှုံ့ဆော်ခံရမှုများလည်း များစွာရှိနေသည်။

ထောက်ပို့အမျိုးသမီးတစ်ဦး၏ ရင်ဆိုင်ကျော်လွှားခဲ့ပုံ။

ABSDF မှ ထောက်ပို့အမျိုးသမီးတစ်ဦးဆိုလျှင်လည်း တပ်ဖွဲ့နှင့် ကျေးရွာအတွက် ထောက်ပံ့ပစ္စည်းများ အလှူခံရာတွင် ကွန်ဒုံးအပြင် အရေးပေါ်တားဆေးများကိုလည်း ထည့်သွင်းအလှူခံခဲ့သည်။ ထိုအလှူခံ ပိုစ့်များကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် “PDF ယောက်ျားလေးတွေနဲ့ မိန်းကလေး တွေ ဖြစ်ချင်တိုင်းဖြစ်ဖြစ်နေတယ်ဆိုတာ ထင်ရှားတယ်” ဟုရေးသားဖြန့်ဝေခဲ့သည်။ ထို့ပြင် ကားပုံကိုပါ ထည့်သွင်းဖော်ပြထားသောကြောင့် ကားသမားမှာသူ့ကြောင့်အဖမ်းခံရကြောင်း ပစ်တင်ခြင်းများ ပြုလုပ် ခဲ့ကြသည်။

“ကားသမား အဖမ်းခံရတုန်းကဆိုရင် ကိုယ့်ကြောင့်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ စားလို့လည်းမဝင်ဘူး၊ အိပ်လို့ လည်းမပျော်ဘူး၊ တော်ပြီ မြို့ထဲပြန်ပြီး အဖမ်းခံလိုက်တော့မယ်၊ ဘာမှလည်းမလုပ်တော့ဘူးဆိုပြီးတော့ ဖြစ်ခဲ့တယ်” ဟု သူမကြုံတွေ့ခဲ့ရသည့် အခက်အခဲအကြောင်းကို ဆိုသည်။

ထို့နောက် ကားသမားဖမ်းခံရခြင်းမှာ သူ့ကြောင့်မဟုတ်ဘဲ ချောက်တွန်းခံရခြင်းဖြစ်ကြောင်း သိရှိခဲ့ပြီး ရဲဘော်ရဲဘက်များ၏ ဝိုင်းဝန်းအားပေးမှုများဖြင့် အားအင်ရကာ ဆက်လက်၍ ထောက်ပို့တာဝန် ထမ်း ဆောင်နေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

“အခုကတော့ အရင်ကလိုပဲ ထောက်ပို့လုပ်နေဆဲပါ၊ အခုကာလမှာ ပြည်သူတွေ တဖြည်းဖြည်းနဲ့ ခက်ခဲ လာတော့ အမြဲတမ်းမလှူပေးနိုင်တော့ ကိုယ်တွေမှာအခက်အခဲတွေရှိပေမယ့် အားမလျှော့ဘဲ ဆက်ပြီး တော့ လုပ်နေဆဲပါ” ဟု ၎င်းက ဆိုသည်။

ဖုန်းစာတိုဖြင့် ခြိမ်းခြောက်ခံရသည့် ဆရာမ။

စစ်ကောင်စီ၏ပညာရေးကိုသပိတ်မှောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ ပညာရေး ဌာနနှင့်တွဲ၍ အွန်လိုင်းတွင်စာသင်နေသည့် ဆရာမတစ်ဦးကိုမူ ဖုန်းစာတိုမှတဆင့် ပြေးသည့်ပုံများ သေနတ်ပစ်သည့်ပုံများ ပို့ကာခြိမ်းခြောက်မှုများရှိခဲ့သည်။ ဖုန်းခေါ်ဆိုမှုများရှိခဲ့သော်လည်း လက်ခံမဖြေ ကြားခဲ့ပေ။

“အဲ့အချိန်က KFU ကိစ္စနဲ့ အဖမ်းခံရတဲ့သူတွေ၊ ခြိမ်းခြောက်ခံရတဲ့သူတွေများနေတဲ့အချိန်ပါ၊ အွန်လိုင်း ကနေစာသင်နေတော့ ကိုယ်လည်းသတိပိုထားခဲ့ရပါတယ်၊ ကလေးတွေရော ကိုယ်ရော Video ပိတ်ပြီး သင်တယ်၊ သင်ရမယ့်စာပဲသင်တယ်၊ တခြားစကားတွေ သိပ်မပြောဖြစ်တော့ဘူး”ဟု ၎င်း ဖြတ်သန်း ခဲ့သည့် အခြေအနေအကြောင်းကို ပြောပြသည်။

ဘေးတွင်ရှိနေသည့် မိသားစုမောင်နှမသားချင်းက အားပေးဖော်၊ ရင်ဆိုင်ဖော်ဖြစ်နေခဲ့ပြီး “သူတို့တွေ ဘယ်လိုပဲခြိမ်းခြောက်ပါစေ ရည်ရွယ်ချက်အတိုင်း အဆုံးထိလျှောက်မယ်လို့တွေးထားပါတယ်” ဟု သူက ဆိုသည်။

အွန်လိုင်းတွင်သာမက မြေပြင်တွင်ပါ ခြိမ်းခြောက်ခံရသည့် မထိပ်ထား။

တော်လှန်ရေးကာလအတွင်း ထိုင်းနိုင်ငံမဲဆောက်တွင် လာရောက်ခိုလှုံနေသူ မထိပ်ထားအတွက်မူ အွန်လိုင်းတွင်သာမက မြေပြင်တွင်ပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ရင်ဆိုင်ကြုံတွေ့ရမှုကို ယခုကဲ့သို့ဆိုသည်။

“အွန်လိုင်းကတိုက်ခိုက်တာတွေကို သိပ်ပြီးဂရုမစိုက်ဘူးဆိုပေမယ့် ဖြေရှင်းသင့်တာတွေကို ဖေ့စ်ဘုတ် စာမျက်နှာတွေကနေတဆင့် ဖြေရှင်းလေ့ရှိတယ်။ အပြင်ဘက်မှာ ကြုံရတာဆိုရင် ကျတော်တို့ ဒီဘက်ကို ရွှေ့ပြောင်းအနေနဲ့ ခိုလှုံလာတယ်။ ရောက်လာတဲ့အခါမှာ အချင်းချင်းတွေပဲ ရောက်ရောက်ချင်းမှာဆိုရင် အမျိုးသမီးတွေဆိုရင် တယောက်ထဲနေရတာပေါ့နော်။ အဲဒီအခါမှာ မလုံခြုံမှုတွေ၊ ထိကပါးရိကပါး ပြော ဆိုမှုတွေ၊ ကိုယ့်အိမ်တံခါးကို ညသန်းခေါင်လာခေါက်တာမျိုးတွေ အဲဒီလိုခြိမ်းခြောက်မှုမျိုးတွေ ကြုံရ တယ်။ အိမ်နီးနားချင်းတွေကပဲ ပြန်ပြီးတော့ ကျူးလွန်လဲ့ဟာပေါ့နော်”

ထိုအချိန်တွင် ကြောက်ရွံ့မနေဘဲ သန်မာသည့်အမျိုးသမီး၊ တုန်လှုပ်မှုမရှိသည့် အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်ကာ ရင်ဆိုင်ခဲ့ရကြောင်း သူကဆိုသည်။ ဥပဒေပိုင်းဆိုင်ရာအရ ရင်ဆိုင်ရန်အခြေအနေမရှိသော် လည်း စိတ်ပိုင်းဆိုင်ရာဒဏ်ရာအတွက်မူ အမျိူးသမီးအချင်းချင်းဖလှယ်ကာ အချင်းချင်း၏နှစ်သိမ့်မှု အားပေးမှု ရယူပြီး ဖြတ်သန်းရကြောင်း ဆိုသည်။

ထပ်မံ၍ “တော်လှန်ရေးလုပ်နေတဲ့လူအချင်းချင်း ညီကိုမောင်နှမတွေ ကျတော်တို့ တလှေတည်းစီး တစ်ခရီးတည်း သွားနေတဲ့သူတွေအချင်းချင်း ကာကွယ်စောင့်ရှောက်ပေးကြပါ။ ခေတ်ပျက်နေတာကို အခွင့်ကောင်းယူပြီးတော့ အမျိုးသမီးတွေကို ကိုယ့်စိတ်အာသာပြေဖို့ တစ်ခုတည်းအတွက်နဲ့ အမျိုးသမီး ကို စိတ်ဒဏ်ရာ မပေးကြပါနဲ့” ဟုလည်း စကားပါးလိုက်သေးသည်။

ဘယ်လိုတွေ ရင်ဆိုင် ကျော်လွှားကြမလဲ။

တတ်ကြွလှုပ်ရှားအမျိူးသမီးတစ်ဦးဖြစ်သည့် မသင်ဇာရွှန်းလဲ့ရည်မှလည်း ထိုသို့လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုမှုများ၊ အမုန်းစကားပြောဆိုမှုများနှင့် ပတ်သက်၍ “ဒီလိုတိုက်ခိုက်ခံရပြီဆိုရင် ကာယကံရှင်က ပြန်ပြီးတော့ တုံ့ပြန်ဖို့လိုသလို တချိန်တည်းမှာပဲ ပတ်ဝန်းကျင်၊ တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေ၊ အစိုးရ တစ်ရပ် ၊ လွှတ်တော်တွေကနေလည်း ဒီလိုစကားလုံး အပြောအဆို အပြုအမူတွေကို မဖြစ်မနေ ဟန့်ထား ဖို့ တာဝန်ရှိလာပါတယ်။

ဟန့်တားမှုကို ထိထိရောက်ရောက်လုပ်နိုင်မှသာလျှင် ကျမတို့ရဲ့တော်လှန်ရေးက အစုံလိုက် လူမျိုးစု လိုက် တပ်ပေါင်းစုလိုက် အောင်ပွဲခံနိုင်မယ်။ လူမျိုးစုံ၊ ဘာသာစုံ၊ ကျား/မ မခွဲ အားလုံးအတွက် တူညီတဲ့ ငြိမ်းချမ်းတဲ့ လူ့ဘောင်သစ်ကိုရမှာဖြစ်တယ်။ အဲ့လိုမှ မဟုတ်ပဲ ခွဲခြားဆက်ဆံမှုတွေရှိနေသရွှေ့ လိင်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ပြောင်းလဲလို့မရတဲ့ ဖြစ်တည်မှုတွေအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေ ရှိနေသရွှေ့ ကျမတို့ရဲ့ တော်လှန်ရေး ရည်မှန်းချက်ကို မရောက်နိုင်ပါဘူး။” ဟုဆိုသည်။

အမျိုးသမီးအရေး ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေသည့် အမျိုးသမီးတစ်ဦးမှလည်း “တကယ်လို့ တိုက်ခိုက် ခံရပြီးဆိုရင်လည်း တတ်သိနားလည်သူတွေနဲ့ချိတ်ဆက်ပြီး ရဲရဲသာ ရင်ဆိုင်ပါလို့ အကြံပေးချင်ပါတယ်။ တဉီးတယောက်က စတင်ဖြေရှင်းအဖြေရှာခြင်းဟာ ကျန်တဲ့အမျိုးသမီးတွေအတွက် အားဖြစ်ပါတယ်၊ ကာကွယ်ပေးခြင်းတမျိုးလည်း ဖြစ်ပါတယ်။ ကြောက်စရာ/ ရှက်စရာမလိုပါဘူး။ ကိုယ့်ဘေး ပတ်ဝန်းကျင် မှာ ကူညီပေးမဲ့လူတွေ အသင့်ရှိတယ်ဆိုတာပြောပြချင်ပါတယ်။ အဓိက ကတော့ ဘာပဲလုပ်ချင်ချင် သက်သေလိုပါတယ်။ အဲအွန်လိုင်းကနေ တိုက်ခိုက်တဲ့ပုံတွေ၊ စာတွေကို ရှက်ကြောက်ပြီး ဖျက်ပစ်တာတွေ မလုပ်ဘဲ ဓာတ်ပုံ ရိုက်ယူထားဖို့လိုပါတယ်။ အဲဒါမှသာ ကျမတို့ ခံစားခဲ့ရတာတွေကို ငြိမ်ခံ မနေမှ တရားမျှတမှု/ ကာကွယ်မှုတွေကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်” ဟုဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစတင်ခဲ့သည့် မြန်မာ့နွေဦးတော်လှန်ရေးသည် ယခု အချိန်အထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆင်နွှဲနေကြဆဲဖြစ်ပါသည်။ G-Z လူငယ်များ၏ တော်လှန်ရေးစိတ် ဓာတ်ကို မည်သူကမှ တားဆီးနိုင်မည်မဟုတ်ပေ။ စစ်လော်ဘီများအနေဖြင့် ပြည်သူလူထုအား သတင်း မှားများဖြင့် ဝါဒဖြန့်သိမ်းသွင်းရာတွင် ထိလွယ်ရှလွယ်ဖြစ်စေနိုင်သော အကြောင်းအရာများကို ရွေးချယ် အသုံးပြုလေ့ရှိကြသည်။ စစ်ကောင်စီလော်ဘီများအနေဖြင့် မြန်မာလူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီး များ၏အခန်းကဏ္ဍအား ယခင်ကထက်ပိုမိုအလေးပေးလာသည်ကိုလက်ခံလိုစိတ်မရှိဘဲ ၎င်းတို့ကျင်လည် နေသည့်ပတ်ဝန်းကျင်ကဲ့သို့ပင် ဖိနှိပ်ထားလိုသည်ကို လူမှုကွန်ရက်တွင် ပေါ်ပေါ်ထင်ထင်ဖော်ပြနေခြင်း သာဖြစ်သည်။

နွေဦးတော်လှန်ရေးတွင်ပါဝင်ဆင်နွှဲနေကြသော အမျိုးသမီးထုတရပ်လုံးမှာ စစ်ကောင်စီလော်ဘီများ၏ လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုများကို တုန်လှုပ်နေမည်မဟုတ်ပေ။ မိမိ၏ အသက်ခန္ဓာကိုပင်စွန့်လွှတ် ရန်ဆုံးဖြတ်ထားကြသူများအတွက် မည်သည့်တိုက်ခိုက်မှုကမျှ ထိရောက်နိုင်စေမည် မဟုတ်တော့ပေ။

စာတည်း ။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly