ပုလောမြို့နယ် လက္ကူးကျေးရွာတွင် စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ရွာသား ၄ ဦး ဒဏ်ရာရ

ပုလောမြို့နယ် လက္ကူးကျေးရွာတွင် စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ရွာသား ၄ ဦး ဒဏ်ရာရ

ဒီဇင်ဘာလ ၉ ရက်

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်းက ပုလော အခြေစိုက် ခလရ(၂၈၅)တပ်ရင်းက လက္ကူးကျေးရွာကို လက်နက်ကြီးဖြင့် အချက်၂၀ ခန့်ပစ်ခတ်ခဲ့၍ ဒေသခံလေးဦးထိခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကလုံခြုံရေး ယူထားသောနေရာသုံးခု ပစ်ခတ်ခံခဲ့ရပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ က လက်နက်ကြီးဖြင့် လက္ကူးကျေးရွာကို ပြန်လည် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပုလောမြို့နယ် လက္ကူးကျေးရွာနေ ဒေသခံတစ်ဦးက“လက္ကူးရွာမှာ အမျိုးသမီးတစ်ဦးအပါဝင် လူလေးဦး စစ်တပ်က လက်နက်ကြီး/ငယ်နဲ့ပစ်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အခု ဆေးရုံကိုတင်ထားရပြီး စိုးရိမ်ရ တယ်လို့ သိရပါတယ်”ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ ဦးဉာဏ်ကြွယ်၊ ဦးနော်နီ၊ ဦးဖိုး၀နှင့် ဒေါ်ဘဲဥတို့ဖြစ်ပြီး အရေးပေါ် ဆေးကု သမှုခံယူနေရကြောင်းလည်း သိရသည်။

ပုလောအခြေစိုက် ခလရ(၂၈၅)တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းနှစ်လုံးဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပုလောမြို့နယ်မှာ နှစ်ဖက်ပစ်ခတ်မှုများကြောင့် စစ်ရေးတင်းမာ နေသည့်ဒေသတစ်ခုလည်းဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly