ပင်လယ်ထဲ စက်ပျက်ပြီး နစ်မြုပ်တော့မည့် စက်လှေမှ ရိုဟင်ဂျာ ၁၅၀ ကျော်ကို ဗီယက်နမ်သင်္ဘောက ကယ်တင်

ပင်လယ်ထဲ စက်ပျက်ပြီး နစ်မြုပ်တော့မည့် စက်လှေမှ ရိုဟင်ဂျာ ၁၅၀ ကျော်ကို ဗီယက်နမ်သင်္ဘောက ကယ်တင်

ဒီဇင်ဘာလ ၉ ရက်
 

ကပ္ပလီပင်လယ်ထဲတွင် စက်ပျက်ပြီး နစ်မြုပ်တော့မည့် စက်လှေတစ်စီးပေါ်မှ လူ ၁၅၄ ဦးကို ဗီယက်နမ်သင်္ဘောတစ်စီးက တွေ့ရှိကယ်ဆယ်ပေးခဲ့ပြီး မြန်မာစစ်ကောင်စီ ရေတပ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း ဗီယက်နမ်နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။ အဆိုပါ လူအုပ်စုသည် လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များ ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက အတည်ပြုသည်။

ဗီယက်နမ်၏ ကမ်းလွန်ဝန်ဆောင်ထောက်ပံ့မှုသင်္ဘော​ Hai Duong 29 သည် ဒီဇင်ဘာ ၇ ရက်က စင်္ကာပူမှ မြန်မာသို့ ဦးတည်သည့် လမ်းခရီးတွင် မြန်မာနိုင်ငံ ကမ်းရိုးတန်း၏ တောင်ဘက် ၂၈၅ မိုင် (၄၅၈ ဒသမ ၇ ကီလိုမီတာ) အကွာတွင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော စက်လှေတစ်စီးကို တွေ့ရှိခဲ့ကြောင်း VTCNews က ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ဖော်ပြသည်။

ရိုဟင်ဂျာများတွင် မြန်မာတွင် နှစ်များကြာ ဖိစီးနှိပ်စက်ခံခဲ့ရသည့် လူနည်းစုတစ်စုဖြစ်ပြီး အများအပြားသည် ခနော်နီခနော်နဲ့ စက်လှေများဖြင့် မွတ်စလင် အများစုရှိရာ မလေးရှားနှင့် အင်ဒိုနီးရှားသို့ ရောက်ရှိနိုင်ရန် စွန့်စားကြိုးပမ်းနေကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းဖြိုခွင်းမှုတစ်ခု ဖြစ်ပြီးနောက် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ခွာခြင်း၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ အစုအပြုံလိုက် ထွက်ခွာခြင်းတို့က မြင့်တက်ထားခဲ့သည်။

စက်လှေ၏ အင်ဂျင်သည် ပျက်နေပြီး ရေများသည် စက်လှေကိုယ်ထည်ထဲ စိမ့်ဝင်နေသည်ကို တွေ့ခဲ့ရကြောင်း VTCNews က ဖော်ပြသည်။ စက်လှေပေါ်ပါလာသူ အားလုံးကို ကယ်တင်ခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင် ထိုစက်လှေနစ်မြုပ်သွားသည်ဟု ဆိုသည်။ ကယ်ဆယ်ပေးနိုင်ခဲ့သော လူ ၁၅၄ ဦးအနက် ၄၀ ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၃၁ ဦးမှာ ကလေးများ ဖြစ်သည်။

၎င်းတို့ကို ဒီဇင်ဘာ ၈ ရက်တွင် မြန်မာရေတပ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ ယင်းနောက် အဆိုပါ ရိုဟင်ဂျာများ ဘာဆက်ဖြစ်မည်ကို ရှင်းရှင်းလင်းလင်း မသိရဘဲ ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံ ရိုက်တာက ချက်ချင်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

ဗီယက်နမ်သင်္ဘော၏ ပိုင်ရှင်ကုမ္ပဏီဖြစ်သည့် Hai Duong Petroleum and Marine Corp (Haduco) နှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးရန် ပန်ကြားချက်များကို ပြန်လည် တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

ယခုနှစ်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ကပ္ပလီပင်လယ်ကို ဖြတ်ရန် ကြိုးပမ်းသူ ဦးရေ သိသိသာသာ မြင့်တက်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ (UNHCR) က ပြီးခဲ့သည့်သီတင်းပတ်က ပြောသည်။

၂၀၂၂ ခုနှစ်အတွင်း လက်ရှိအချိန်အထိ လူ ၁,၉၀၀ ထက်မနည်း ကပ္ပလီပင်လယ်ကို ဖြတ်ကျော်သွားလာထားခဲ့ရာ ယင်းသည် ၂၀၂၀ ကထက် ခြောက်ဆ ပိုများနေသည်။ ထိုကဲ့သို့ ကပ္ပလီပင်လယ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးရန် ကြိုးပမ်းသူများထဲတွင် ယခုနှစ်အတွင်း သေဆုံးသူ ၁၁၉ ဦးထက်မနည်း ရှိကြောင်း သိရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly