လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ကာ ရုရှ၊ အီရန်နှင့် မြန်မာတို့ကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ် 

လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ကာ ရုရှ၊ အီရန်နှင့် မြန်မာတို့ကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ် 

ဒီဇင်ဘာလ ၉ ရက်

ကနေဒါနိုင်ငံသည် ရုရှ၊ အီရန်နှင့် မြန်မာနိုင်ငံတို့အား ၎င်းတို့ အစိုးရများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ကာ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ သောကြာနေ့တွင် ချမှတ်သည်။ 

ယူကရိန်းအား ရုရှ၏ ကျူးကျော်မှုကို ကန့်ကွက်ဆန္ဒပြကြသည့် ရုရှပြည်သူများအပေါ် “စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် လက်ရှိနှင့် ယခင် ရုရှတာဝန်ရှိသူ ၃၃ ဦးနှင့် အဖွဲ့အစည်း ခြောက်ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်းဖြစ်သည်။ 

ဖေဖော်ဝါရီ ၂၄ ရက် ရုရှ၏ ကျူးကျော်စစ် ဆင်နွှဲချိန်မှစကာ ကနေဒါနိုင်ငံသည် ရုရှ၊ ယူကရိန်းနှင့် ဘီလာရုစ်မှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁,၅၀၀ ကျော်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ 

အီရန်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရာတွင် တရားရေး၊ အကျဉ်းဦးစီးဌာနနှင့် ဥပဒေရေးရာ အကြီးတန်းတာဝန်ရှိသူများအပြင် အီရန်၏ ဘာသာရေးဥသျှောင် အယာတိုလက်ရှ် အလီ ခါမေနီ၏ အကြီးတန်းလက်ထောက်များနှင့် နိုင်ငံပိုင်မီဒီယာမှ လူပုဂ္ဂိုလ်များကဲ့သို့ နိုင်ငံရေးခေါင်းဆောင်များအပါအဝင် လူပုဂ္ဂိုလ် ၂၂ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြသည်။ 

အီရန်နိုင်ငံတွင် အစိုးရဆန့်ကျင်သော မတည်ငြိမ်မှုများ၌ ဆန္ဒပြသူတစ်ဦးကို ပထမဆုံး သေဒဏ်ပေးခြင်းအဖြစ် မြို့တော် တီဟီရန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဓားဖြင့် ဒဏ်ရာရစေပြီး လမ်းကို ပိတ်ဆို့မှုဖြင့် လူတစ်ဦးအား ကြိုးပေးစီရင်ခဲ့ကြောင်း အစိုးရတစ်ပိုင်း Tasnim သတင်းဌာနက ဖော်ပြပြီး နောက်တစ်ရက်၌ ကနေဒါက ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လာခြင်းပဲ ဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် အီရန်အမျိုးသမီး မာရှာ အမီနီသည် ရဲချုပ်နှောင်မှုအတွင်း စက်တင်ဘာ ၁၆ ရက်က သေဆုံးခဲ့ရာမှ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေခြင်း ဖြစ်သည်။ 

“လုပ်ရမယ့် အလုပ်တွေ အများအပြား ရှိတယ်၊ ဒါပေမဲ့ ကနေဒါအနေနဲ့ လူ့အခွင့်အရေးအတွက် ရပ်တည်တာ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး”ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လာနီ ဂျိုလီက ပြောသည်။ 

အီရန်နှင့် ရုရှအပြင် မြန်မာနိုင်ငံ၌ စစ်တပ်ထံ လက်နက်စီးဝင်မှု လွယ်ကူစေရန်နှင့် စစ်တပ်၏ အကြမ်းဖက်မှုများ ဖြစ်ပွားစေရန် စစ်တပ်ကိုယ်စား အဓိကလုပ်ငန်းများကို လုပ်ဆောင်ပေးနေသည့် လူပုဂ္ဂိုလ် ၁၂ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကနေဒါက ပြောသည်။ 

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က စစ်တပ်က အာဏာသိမ်းယူခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာသိမ်းအုပ်စုသည် လက်ရှိ၌ သေဒဏ်ကို “နိုင်ငံရေးလက်နက်သဖွယ်” ပုံမှန် အသုံးပြုနေကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောကြသည်။ 

အာဏာသိမ်းပြီးချိန်မှစကာ ဖမ်းဆီးခံရသူပေါင်း ၁၆,၅၀၀ ကျော်ရှိပြီး လက်ရှိအထိ ချုပ်နှောင်ထားသူပေါင်း ၁၃,၀၀၀ ကျော်ထက်မနည်း ရှိနေကြောင်း စစ်တပ်၏ ချိုးဖောက်မှုများကို ထုတ်ပြန်သည့် လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ရပ်အရ သိရသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly