သဘာဝသယံဇာတခွဲဝေမှုနှင့် ပတ်သက်ပြီးကချင် အဖွဲ့အစည်းများက သဘောထားထုတ်ပြန်

သဘာဝသယံဇာတခွဲဝေမှုနှင့် ပတ်သက်ပြီးကချင် အဖွဲ့အစည်းများက သဘောထားထုတ်ပြန်

ချင်းမိုင်၊မတ် ၇ ။              ။ ကချင်ပြည်နယ်တွင် သဘာဝ သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲခြင်းနှင့် ပတ်သက်ပြီး  အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေး အဖွဲ့အစည်းများ အပါအဝင် ၆၁ ဖွဲ့မှ ခေါင်းဆောင်ပေါင်း ၁၀၃ ဦးတို့ မတ်  ၁ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေး၍ မတ်လ ၇ ရက်တွင် ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်အရ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ကိုယ်ပိုင်ပြဌာန်းခွင့်စနစ်ကို အမြန်ဆုံး ဖော်ဆောင်၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာများကို ကချင်ပြည်နယ်တွင် ထားရှိပြီး ပြည်နယ်လွှတ်တော်မှ ရွေးချယ်တင်မြောက်သော ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်ထောင်စု အစိုးရက အသိအမှတ်ပြုပေးရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

“ကျနော်တို့ အဓိက စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်မယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးမယ်ဆိုရင် ဒီပြသနာတွေ လျော့ချနိုင်တယ်။ ဒါကြောင့်မို့ ကိုယ့်ပြည်နယ်မှာ ကိုယ်ရွေးချယ်တဲ့ နိုင်ငံရေး အဖွဲ့အစည်း၊ ပါတီ ခေါင်းဆောင်တွေထဲက ဝန်ကြီးတွေ ဖြစ်လို့ ရှိရင် ကိုယ့်နေရာက ကိုယ်ကျွမ်းကျင်ဆုံးဖြစ်တယ်။ ဥပမာ ကိုယ့်အိမ်မိသားစုလိုဘဲ ကိုယ့်အိမ်ကလူရွေးရင် ဒီအိမ်ကို ဘယ်လို ဖွံ့ဖြိုးအောင် ပြုလုပ် မယ်ဆိုတဲ့ဟာ အကောင်းဆုံးစီမံခန့်ခွဲနိုင်တယ်။ အားလုံးက လက်လှမ်းမမီတဲ့ဟာ ပြည်ထောင်စု အဆင့် ကနေဘဲ ပြောရင် လက်တွေ့မကျဘူး”ဟု ကချင်ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့(KDNG) မှ အထွေထွေ အတွင်းရေးမှူး ကိုစာဂျီက ပြောသည်။

လတ်တလော ကချင်ပြည်နယ်ရှိ ယခုနှစ်အတွင်း သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုနှင့် တဆက်တည်းမှာဘဲ လူမှုရေးဆိုင်ရာ ပြဿနာများ ပိုမိုဆိုးဝါးလာသဖြင့် တက်လာမည့် အစိုးရမှ ထည့်သွင်းစဉ်းစားပေးရန် ရည်ရွယ်၍ သဘောထား ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု သူက ပြောဆိုသည်။

“အခု အချိန်မှာ ကျနော်တို့ သဘာဝ သံယံဇာတ အရင်းအမြစ်နဲ့ ပတ်သက်လို့ တကယ့်ကို ဖြေရှင်းလို့ မရတဲ့ အခြေအနေမှာ ရောက်လာပြီ။ ကချင်ပြည်နယ်က တကယ့်ကို ဆိုးဝါးစွာ ထိခိုက်နစ်နာလာတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဖျက်ဆီးမှု၊ ပျက် ဆီးမှု၊ လူမှုရေး ဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေ၊ သဘာဝသယံဇာတ လျင်မြန်စွာ ကုန်ဆုံးတဲ့ ဟာတွေ ဒါနဲ့ ဆက်နွယ်တဲ့ လက်နက်ကိုင် ပဋိ့ပက္ခ ပြဿနာတွေရော တော်တော်ဆိုးတဲ့ အခြေအနေရောက်လာပြီ။ ဒါကြောင့် ဖြေရှင်းနိုင်ဖို့ နည်း လမ်းရှာတဲ့ အနေနဲ့ လာမဲ့တက်လာတဲ့ အစိုးရကနေ ဒါကို ထည့်သွင်းစဉ်းစားဖို့ သဘောထားထုတ်ပြန်ခြင်း ဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အဓိကအားဖြင့် ကချင်ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုနှင့် သယံဇာတ ကုန်ဆုံးနေမှု ပြဿနာ အများအပြားရှိရာမှ အဆိုးဆုံးသည် ဖားကန့်ဒေသ ကျောက်စိမ်းတူး ကုမ္ဗဏီကြီးများမှ စွန့်ပစ်သော မြေဇာကြောင့် ဥရုချောင်း ပျက်ဆီးမှု၊ မြစ်ဆုံ စီမံကိန်းနှင့် ဟူးကောင်းချိုင့်ဝမ်းအတွင်း ယုဇန ကုမ္ဗဏီကို ဗဟိုအစိုးရက လုပ်ပိုင်ခွင့်ပေးထားသဖြင့် မြေယာ ဧက ၂ သိန်းကျော် သိမ်းယူခဲ့သဖြင့် ကျားထိန်းသိမ်းရေးဒေသများ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု ကိုဆာဂျီ ပြောသည်။

“ဖားကန့်မှာ တကယ့်ကို ဗဟိုကနေ ခွင့်ပြုထားတဲ့ ဒေသခံတွေ ဆုံးဖြတ်ပါဝင်ခွင့် မရှိတဲ့၊ ကချင်ပြည်နယ်အစိုးရထိ ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့ စည်းစနစ်မကျစွာ ကျောက်စိမ်းတူးတဲ့ ကုမ္ဗဏီကြီးတွေက မြေစာ ပရမ်းပတာ စွန့်ပစ်တယ်။ မတော်တဆ ထိခိုက်သေဆုံးမှုတွေ၊ ဥရုခေါင်းကို ကြိုက်သလိုလုပ်ထားတယ်။ သစ်တောတွေ ချိုင့်ဝမ်းဖြစ်ကုန်တယ်။ ကျောက်စိမ်းလည်း ခတ်မြန်မြန် ကုန်ဆုံးတယ်။ တရုတ်တွေလက်ထဲမှာ အားလုံး ရောက်သွားတဲ့အခြေအနေမှာရှိတယ်။ ဒေသခံတွေ တကယ့်ကို ဆင်းရဲစွာ ဒုက္ခကိုဘဲ ခံစားရတယ်။ မြစ်ဆုံ စီမံကိန်းကြောင့်လည်း ကြီးမားတဲ့ ဆိုးကျိုးပြဿနာတွေ ခံစားနေရတယ်။ ဒေသခံလူထုနေရာတွေ ပျောက်ကုန်တယ်”ဟု သူကပြောသည်။

ကချင်ပြည်သူပြည်နယ်သားများသည် ကချင်ပြည်နယ်ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက်နှင့် လေထု အတွင်းရှိ သဘာဝ သယံဇာတ အရင်းအမြစ်အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ပြီး၊ ကချင်ပြည်နယ် အစိုးရမှ သဘောဝ သယံဇာတ ရင်းမြစ်များကို တိုက်ရိုက် ထုတ်ယူ သုံးစွဲခွင့်နှင့် အခွန်ကောက်ခံပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်၊ အကျိုးမြတ်ခွဲဝေပိုင်ခွင့် အာဏာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် အာမခံပေးထားရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

တိုင်းရင်းသား နယ်မြေများရှိ စီမံကိန်းများအားလုံးနှင့် သဘောဝ သယ့ဇာတ အရင်းမြစ် ထုတ်ယူသုံးစွဲမှုများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်မှုမှ မရှိသေးသ၍ ရပ်တန့်ထားပေးရန်၊ စီမံကိန်း လိုင်စင်များ မချမီ မူလ ဒေသခံများအား ကြိုတင် အသိပေးခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်း၊ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်နှင့် သဘောတူညီချက်များ ရယူခြင်းများ လုပ်ဆောင်ပြီးမှ လုပ်ငန်းများ ဆောင်ရွက်ရန်၊ အများပြည်သူများ သိသာစေရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်း၊ ကြေငြာပေးခြင်းများ အချိန်နှင့် တပြေးညီ ပြုလုပ်ပေးရန် ပါရှိသည်။

ထို့ပြင် သဘာဝ သယံဇာတ အရင်းအမြစ်ကြောင့် ဖြစ်လာမည့် အကျင့်ပျက်ချစားမှု၊ သဘောဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ လက်နက်ကိုင် ပဋိပက္ခ၊ လူမှုရေးထိခိုက်မှု ပြဿနာများကို ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့် ကြပ်မတ်ခြင်းနှင့် ဖြစ်ပေါ်လာပါက တာဝန်ယူ တာဝန်ခံမှု ရှိရန်၊ လက်ရှိ အခြေအနေတွင် ပြည်တွင်းပြည်ပ သုတေသီများမှ ဒေသ အခြေအနေ၊ နောက်ခံသမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများကို ထည့်သွင်းသုံးသပ်ခြင်း မရှိဘဲ ကချင်ပြည်နယ်ရိ သဘာဝ သယံဇာတ အရင်း အမြစ်များမှ ရရှိလာသော အကျိုးအမြတ် ခွဲဝေခြင်းနှင့် ပတ်သက်၍ အချိုးအစား မည်မျှရှိသင့်သည်ဟု အကြံပြု ချဉ်းကပ်နေသော လုပ်ဆောာင်မှုများ ရှောင်ရှားရန်လည်း ထည့်သွင်း တောင်းဆိုထားသည်။

ဖားကန့် ကျောက်စိမ်းမှော်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ဗဏီများ၏ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် မကြာခဏ လူသေ ဆုံးမှုများ ရှိနေပြီး အဆိုးဆုံးမှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလက လူ ၁၀၀ ကျော် မြေပိသေဆုံးမှု ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းများ တရားမဝင် တူးဖော်မှုနှင့် ဆက်စပ်လျက် ကချင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်း၊ အပါအဝင် အကောက်အခွန် ညွန်ကြားရေးမှူးချုပ် ဦးထွန်းသိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ညွန်ကြားရေးမှူးချုပ် ဦးညွန့်အောင်တို့ကို တာဝန်မှ ရပ်စဲလိုက်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly