ပါကစ္စတန်တွင် TTP သူပုန်အဖွဲ့၏ အသေခံတိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံး

ပါကစ္စတန်တွင် TTP သူပုန်အဖွဲ့၏ အသေခံတိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် မြို့တော် ကွက်တာမှ ၁၅ ကီလိုမီတာခန့်အကွာ ကွက်တာ-ချာမန်း အဝေးပြေးလမ်းမပေါ်ရှိ ဘာလယ်လီ ဧရိယာတွင် နိုဝင်ဘာ ၃၀ ရက်က ရဲကားတစ်စီး အသေခံဖောက်ခွဲတိုက်ခိုက်ခံရ၍ ရဲ ၁ ဦး အပါအဝင် လူ ၄ ဦးထက်မနည်း သေဆုံးပြီး အခြား ၂၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ကွက်တာခရိုင်၏ ကွတ်ချ်လက်နှင့် အခြား ဧရိယာများတွင် ပိုလီယိုကာကွယ်ဆေးများ လိုက်လံတိုက်ကျွေးနေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် လုံခြုံရေးယူပေးသည့် ရဲများ လိုက်ပါလာသော ထရပ်ကားကို သုံးဘီးတစ်စီး စီးလာသော အသေခံဗုံးခွဲသမားက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်သည် အသေခံတိုက်ခိုက်မှု ဖြစ်ပြီး မိမိတို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တားမြစ်ပိတ်ပင်ခံ တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့က ပြောသည်။

အဆိုပါ TTP စစ်သွေးကြွအုပ်စုက အစိုးရနှင့် သဘောတူထားသည့် အပစ်ရပ်စဲမှု သဘောတူညီချက်ကို ဖျက်သိမ်းပြီး နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အဖွဲ့သားများကို တိုက်တွန်းပြီးနောက် ရက်ပိုင်းအကြာ ယခုတိုက်ခိုက်မှုဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထရပ်ကားသည် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးသည့် ကျန်းမာရေးလုပ်သားများအတွက် လုံခြုံရေးယူပေးမည့် ရဲများကို လိုက်လံပို့ဆောင်ရန် ကွတ်ချ်လက်သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိများက ပြောသည်။ ဘာလယ်လီ ဧရိယာရှိ ကွတ်ချ်လက် လမ်းလွှဲသို့ ရောက်ချိန်တွင် သုံးဘီးတစ်စီးက ကားကို ဝင်တိုက်၍ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့သည့်အတွက် လူ ၂ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အခြား ၂၆ ဦး ဒဏ်ရာရခဲ့သည်။

ရဲနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အဆိုပါ နေရာသို့ အမြန်ရောက်ရှိသွားပြီး ထိုဧရိယာကို ပိတ်ဆို့လိုက်ကာ ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ပြည်နယ်ကျန်းမာရေးဝန်ကြီး ဆာလက် မိုဟာမက် နက်ဆာက အများပြည်သူဆိုင်ရာ ဆေးရုံများနှင့် ဘိုလန် ဆေးပညာ ကောလိပ်ဆေးရုံတို့တွင် အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required