ထိုင်း-မြန်မာနယ်စပ်ဘေးရှိ မြန်မာဘက်ခြမ်းမှ ကျေးရွာများတွင် တရားမဝင် စပ်ဆေးများ ရောင်းဝယ်မှုရှိနေ

ထိုင်း-မြန်မာနယ်စပ်ဘေးရှိ မြန်မာဘက်ခြမ်းမှ ကျေးရွာများတွင် တရားမဝင် စပ်ဆေးများ ရောင်းဝယ်မှုရှိနေ

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ဘေးရှိ မြဝတီ-ဝေါ်လေကားလမ်းမပေါ်မှ ကျေးရွာများတွင် တရားမဝင် စပ်ဆေးများ ရောင်းဝယ်မှုရှိနေကြောင်း သိရသည်။

တရားမဝင်စပ်ဆေးများသည် အင်္ဂလိပ်ဆေးများဖြစ်သည့် အကိုက်အခဲပျောက်ဆေးများနှင့် သက်တမ်းလွန်ဆေးများအသုံးပြုထားကြောင်း ဆေးဝါးကျွမ်းကျင်သူများထံမှ သိရသည်။

“အစာအိမ်မကောင်းတဲ့သူဆိုရင် အစာအိမ်ထိခိုက်ပြီး၊ သွေးကြောပေါက်နိုင်ပါတယ်၊ အစာအိမ်ကောင်းတဲ့သူတွေမှာလည်း အစာအိမ်အနည်းငယ်ထိခိုက်နိုင်ပါတယ်၊ နောက်တစ်ချက်က အကိုက်အခဲဆေးအများကြီးထည့်ထားတဲ့အတွက် သောက်ရင်ချက်ချင်းပျောက်သွားသလို ခံစားရပေမယ့်၊ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး၊ စတီးရွိက်က နေရာတချို့မှာ သုံးတဲ့ဆေးပါ၊ သို့ပေမယ့် သူ့ပမဏာနဲ့သူ သုံးရပါတယ်၊ ပမာဏနည်းနည်းများသွားတာနဲ့ ဆိုးကျိုးတော်တော်များပါတယ်”ဟု CDMပြုလုပ်ထားသည့် ဆရာဝန်တစ်ဦးမှပြောသည်။

ယင်းဆေးများကို မင်းလက်ပံ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်နှင့် ဝေါ်လေဒေသတစ်ဝိုက်တို့ရှိ ကုန်ဆိုင်များတွင် ရောင်းချနေကြောင်း သိရသည်။

“ရွာမှာက အဲ့ဆေးတွေ အသုံးများနေကြတယ်၊ ဟိုတလောက အဲ့ဆေးသောက်လို့ အစားအိမ်အောင့်တယ်ဆိုပြီး ဆေးရုံတင်လိုက်ရတဲ့ သူတွေရှိတယ်၊ ရွာမှာတော့ အဲ့ဆေးကို မရောင်းဖို့ပြောတဲ့သူတွေ မရှိဘူး”ဟု မင်းလက်ပံကျေးရွာသားတစ်ဦးမှ ပြောသည်။ ၄င်းဆေးများကို စွဲစွဲမြဲမြဲသောက်သုံးလာပါက ပြင်းထန်သည့် အစာအိမ်ရောဂါနှင့် ကျောက်ကပ်ကို ပြင်းထန်စွာ ထိခိုက်နိုင်ကြောင်း ဆေးဝါးကျွမ်းကျင်သူများထံမှ သိရသည်။

လေးကေ့ကော်မြို့သစ်နှင့် ဝေါ်လေဒေသတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဆေးဝါးတင်ပို့မှု အခက်အခဲဖြစ်ပွားခဲ့ပြီးနောက် ယင်းဆေးများ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးဝါးများတွင် ပြင်းထန်သည့် အကိုက်အခဲပျောက်ဆေးများပါဝင်ပြီး ရောဂါအမည် အမျိုးမျိုးတပ်ကာ တံဆိပ်အမျိုးအမျိုးဖြင့် ထုတ်လုပ်ရောင်းချနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required