သေနတ် ၄ လက် သိမ်းဆည်းခံရသည့် အုပ်ချုပ်ရေးမှူး စစ်ကြောရေးတွင် စစ်ဆေးခံနေရ

သေနတ် ၄ လက် သိမ်းဆည်းခံရသည့် အုပ်ချုပ်ရေးမှူး စစ်ကြောရေးတွင် စစ်ဆေးခံနေရ

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် PDF များမှ သေနတ် လေးလက် သိမ်းဆည်းခံခဲ့ရသည့် စစ်ကောင်စီခန့် ဗလုံကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီကပင် ဖမ်းဆီးပြီး မြင်းခြံစစ်ကြောရေးတွင် စစ်ဆေးခံနေရကြောင်း Natogyi Regional Defence Force – NRDF မှ ယနေ့တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ရက် နေ့လယ် ၁၂နာရီဝန်းကျင်ခန့်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအမည်ခံ ပျူစောထီး ကျော်ဆွေ၏ နေအိမ်သို့ Natogyi Regional Defence Force - NRDF မှ ရဲတပ်ဖွဲ့ အသွင်ယူပြီး ၎င်းထံမှ MA-3 မောင်းပြန် တစ်လက် ၊ Rifle သုံးလက် နှင့် ကျည် အချို့ကို ဝင်ရောက် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအမည်ခံ ပျူစောထီး ကျော်ဆွေသည် NRDF တပ်ဖွဲ့များထံသို့ တုန်တုန်ယင်ယင်ဖြင့် အသာတကြည် ထုတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ကျော်ဆွေသည် NRDF တပ်ဖွဲ့ထံသို့ လက်နက်များပေးအပ်ခဲ့သည့်အတွက် အကြမ်းဖက် စစ်ကောင်စီတပ်မှ မြင်းခြံ စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်နက် ပျောက်ဆုံးမှုဖြင့် အရိုက်နှက်ခံ အစစ်ဆေးခံနေရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ဗလုံကျေးရွာအတွက် အုပ်ချုပ်ရေးမှူး အသစ် ထပ်မံ ရွေးချယ်မည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်မှ ကြားသိရသည့်အပြင် ကျော်ဆွေကိုလည်း အနည်းဆုံး ထောင်ဒဏ် ၄၀ နှစ်မှ ၅၀နှစ်အထိ ကျခံနိုင်ချေရှိကြောင်း NRDF ကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ တွင်လည်း မြင်းခြံမြို့နယ် ပျော်ဘွယ်စံပြကျေးရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ တိုက်ခိုက်ခြင်းခံရပြီး သေနတ် ကိုးလက် ဆုံးရှုံးခဲ့သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား စစ်ကောင်စီမှပင် ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့သည်ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required