ဒေါက်တာ ခလမ်ဆပ်ဆွန် နှင့် ဘာသာရေးခေါင်းဆောင်များ ဖမ်းဆီးမှုကို CNO ရှုတ်ချ

ဒေါက်တာ ခလမ်ဆပ်ဆွန် နှင့် ဘာသာရေးခေါင်းဆောင်များ ဖမ်းဆီးမှုကို CNO ရှုတ်ချ

မဇ္စျိမ ။။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ဥက္ကဋ္ဌ နှင့် အထွေထွေ အတွင်းရေးမှူးတာဝန်များထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် အား စစ်ကောင်စီမှ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ဒီဇင်ဘာလ ၇ရက်နေ့တွင် ထုတ်ပြန်သည်။

ဆရာတော်ကို ဒီဇင်ဘာလ ၅ရက်နေ့တွင် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကြားသိရသည့် အပေါ် လွန်စွာစိုးရိမ်ပူပန်မိကြောင်း CNO ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒါကတော့ သူတို့လုပ်နေတဲ့ လုပ်ထုံးပေါ့ဗျာ ၊ ဘာသာရေးဆရာတော်တချို့ကို ဘွဲ့အမျိုးမျိုးပေးလိုက်၊ တချို့ကို ဖမ်းဆီးထောင်ချလိုက်နဲ့ပေါ့ ၊ တကယ်ဆို ဒါတွေက လုံးဝ မလုပ်သင့်တဲ့ ကိစ္စမျိုးပေါ့ ၊ ဘာသာရေးကို အသုံးချပြီး သူတို့လိုချင်တဲ့ အာဏာတည်ဆောက်တာ လုံးဝ မဖြစ်သင့်ပါဘူး” ဟု CNO ပြောရေးဆိုခွင်ရှိသူ Salai Cung Ngai က မဇ္စျိမ ကိုပြောသည်။

ဒေါက်တာ ခလမ်ဆပ်ဆွန်အပြင် အခြားဘာသာရေးခေါင်းဆောင်များစွာကို အကြမ်းဖက်စစ်ကောင်စီမှ မတရာဖမ်းဆီးခြင်း ၊ ထောင်သွင်းအကျဉ်းချခြင်းနှင့် အချို့အား နှိပ်စက်သတ်ဖြတ်နေခြင်းများအပေါ် CNO အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ကြောင်းဆိုသည်။

ဒီဇင်ဘာလ ၇ရက်နေ့ကလည်း ဖလမ်းနှစ်ချင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာ သျှန်းလျှန်းဆန်း (Rev. Thian Lian Sang) ကို စစ်ကောင်စီတပ်မှ ထောင်ဒဏ် ၂၃နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆရာ သျှန်းလျှန်းဆန်း ကို စစ်ကောင်စီလက်ပါးစေများက စက်တင်ဘာ ၁၆ရက် ၂၀၂၁ ခုနှစ်တွင် နေထိုင်ရာ မန္တလေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆရာတော်သည် သိက္ခာတော်နှင့်အညီ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဓမ္မအမှုကို အေးချမ်းစွာ ဆောင်ရွက်နေသူဖြစ်ပြီး တောင်ပေါ်ဒေသများမှ ဆင်းရဲနွမ်းပါးသူများကို ကျန်းမာရေး ကူညီထောက်ပံ့မှုပေးနေသူဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် များအရသိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန် အပါအဝင် မတရားဖမ်းဆီးခံထားရသောသူများအား အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် အလေးအနက်တိုက်တွန်းကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်မှ တိုက်တွန်းထားသည်။

နိုဝင်ဘာလ ၁၇ရက်နေ့က အာဏာသိမ်းစစ်ကောင်စီမှ ၎င်း၏ လက်အောက်ခံ ဝန်ကြီးများ ၊ ဝန်ထမ်းများနှင့် ပတ်သက်ဆက်နွယ်သူများကို ဘွဲ့များချီးမြှင့်ရာ ခရစ်ယာန်အသင်းတော်များမှ ဆရာတော်ကြီးများလည်း ဘွဲ့ချီးမြှင့်ခံခဲ့ရသည်။

သီရိပျံချီ ဘွဲ့အပ်နှင်းခံရသည့် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များမှာ စတီဗင် ဦးသန်းမြင့်ဦး (ဥက္ကဋ္ဌ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ) ၊ သိက္ခာတော်ရ ဒေါက်တာ စောဆမ်ဆန်(ဥက္ကဋ္ဌ မြန်မာနိုင်ငံ ခရစ်ယာန်နှစ်ချင်း အသင်းချုပ်)၊ ကာဒီနယ်ချားလ်ဘို (ဥက္ကဋ္ဌ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်) ၊ ဒေါက်တာသာဉာဏ် (ဥက္ကဋ္ဌ ရန်ကုန် ကလျာဏယုဝ ခရစ်ယာန်အသင်း) ဦးမြတ်ဆန်း (ဂိုဏ်းချုပ်ဆရာတော်ကြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် မက်သဒစ်အသင်းတော်) (အောက်မြန်မာပြည်) ၊ သိက္ခာတော်ရ ဒေါက်တာအေးမင်း ၊ (ဥက္ကဋ္ဌ မြန်မာနိုင်ငံ ဧဝဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်) တို့ဖြစ်ကြောင် သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required