ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ် အချိန်ကြန့်ကြာမှု ရှိနေသေး

ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ် အချိန်ကြန့်ကြာမှု ရှိနေသေး

မဇ္ဈိမ။ ။ မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ရွာအနီး စစ်ကောင်စီ၏ X-Ray စက် စစ်ဆေးရေးဂိတ်တွင် ဖြေလျော့မှုများ ပြုလုပ်ပေးထားသော်လည်း လက်ရှိအချိန်အထိ အချိန်ကြန့်ကြာမှုများ ရှိနေဆဲ ဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

စစ်ကောင်စီက စစ်ဆေးရန် ဖွင့်လှစ်ထားသည့် အဆိုပါ X-Ray စက် စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် လပိုင်းက စတင်ပြီး ခရီးသည်ကားများ၊ ကုန်ကားနှင့် အခြားသော အိမ်စီးကားများကို ဂိတ်ချ စစ်ဆေးမှုများ ပြုလုပ်နေ၍ မလိုအပ်ဘဲ အချိန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ခရီးသွားများထံမှ သိရသည်။

မော်လမြိုင်နေ ဒေသခံ တစ်ဦးက “ဖြေလျော့မှုတော့ ရှိပေမယ့် အချိန် နည်းနည်းတော့ ကြန့်ကြာပါသေးတယ် လုံးဝကြီးတော့ မဟုတ်သေးပါဘူး”ဟု ပြောသည်။

သို့သော် ယင်း စစ်ဆေးရေးဂိတ်တွင် အိမ်စီးကားများကိုသာ X-Ray စက်မှာ စစ်ဆေးခံရခြင်း မရှိသော်လည်း တာဝန်ရှိသူများက လာရောက် စစ်ဆေးတာမျိုး ပြုလုပ်ပြီး အခြားခရီးသည်ကားနှင့် ကုန်ကားများကိုတော့ ပုံမှန်အတိုင်း စစ်ဆေးနေရ၍ ကားအစီးရေများပြားနေချိန်ဆိုပါက အချိန်ပိုကြာနေကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

“ဖြစ်စေချင်တာက ခရီးသွား လူစီးကားတွေကို သီးသန့် စစ်ဆေးစေချင်တယ်၊ အခုက ကုန်တင်ကားကြီးတွေနဲ့ ခရီးသည်ကားတွေကိုပါ စက်တစ်လုံးတည်းနဲ့ စစ်နေတော့ အချိန် ပိုကြာနေတာကြောင့် အကန့်ခွဲပြီး စက် နှစ်လုံးနဲ့ စစ်ဆေးမယ် ဆိုရင် အဆင်ပြေ ချောမွေ့ နိုင်ပါတယ်၊ ခုဟာက ဒုက္ခပေးနေသလို ဖြစ်နေတာပါ”လို့ ကုန်ကားမောင်းသူ တစ်ဦးက ပြော သည်။

ယင်း စစ်ဆေးရေးဂိတ်ကြောင့် ခရီးသွားလာမှု အချိန် ကြန့်ကြာမှုကြောင့် ပြီးခဲ့သည့် ရက်ပိုင်းက မော်လမြိုင်-ရန်ကုန် ပြည်တွင်းခရီးစဉ် လေကြောင်းလိုင်းကို ပြေးဆွဲခဲ့ကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required