ရန်ကုန်တွင် အသက်လျော်ကြေးစစ်ဆင်ရေး၏ ပထမဆုံးတိုက်ခိုက်မှုပြုလုပ်၊ ယာဉ်ထိန်း ရဲသေဆုံး၍ အများအပြား ဒဏ်ရာရ

ရန်ကုန်တွင် အသက်လျော်ကြေးစစ်ဆင်ရေး၏ ပထမဆုံးတိုက်ခိုက်မှုပြုလုပ်၊ ယာဉ်ထိန်း ရဲသေဆုံး၍ အများအပြား ဒဏ်ရာရ

မဇ္ဈိမ။ ။ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းဆုံအနီးရှိ စစ်ကောင်စီ၏ တပ်စုပေါင်း စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာတွင် ယာဉ်ထိန်း ရဲတစ်ဦးသေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း God’s Hand Force တပ်ဖွဲ့ထံက သိရသည်။

ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲအနီးရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများစွာ စစ်ဆေးရေးပြုလုပ်နေသည့် ဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အဲ့ဒီနေရာမှာ စစ်ကောင်စီတပ်က ကားလမ်း ဘယ်ညာ ဂိတ်ချပြီး စစ်နေတာပါ။ နေ့စဉ် စစ်နေတာကို အချိန်ယူစောင့်ကြည့်ပြီး သေချာမှ တိုက်ခိုက်လိုက်တာပါ ဖြစ်ပါတယ်။ နှစ်လုံးချတာ တစ်လုံးပဲ ကွဲတယ်။ တစ်လုံးက သူတို့ Jammer(တယ်လီဖုန်းလှိုင်းနှောက်စက်) မိပြီး သူတို့ဘာသာ ဖောက်ခွဲလိုက်တာပါ” ဟု God’s Hand Force တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ထိုသို့ အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ရာတွင် စစ်ဆေးရေးဂိတ်တွင်ရှိနေသည့် ယာဉ်ထိန်းရဲ တစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အခြားယာဉ်ထိန်းရဲနှစ်ဦး၊ အရပ်ဝတ်စစ်ကောင်စီတပ်သား သုံးဦးနှင့်ယူနီဖောင်း ဝတ်ဆင်ထားသည့် ရဲတပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ဆေးရေး ဂိတ်အနီးရှိ ကားတစ်စီးလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် Yangon UG Association (YUA) ၏ “အသက်လျော်ကြေး စစ်ဆင်ရေး” အဖြစ် ပထမဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း God’s Hand Forces တပ်ဖွဲ့ ထံက သိရသည်။

“ကျွန်တော်တို့ဘက်က ပေးလိုက်ရတဲ့ ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်တွေ အတွက် လျော်ကြေးပြန်ယူမှာပါ။ ဒါကြောင့် ဒီနာမည်ပေးထားတာ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးအတွက် ဒါကအစပါ။ ရန်ကုန်မှာ ကျွန်တော်တို့ ဆက်ရှိမယ်။ အာဏာရှင် စနစ်မကျဆုံးသရွေ့ပေါ့။ ဒါပါပဲ။ ရန်ကုန်က ကျွန်တော်တို့ ရန်ကုန်ပါ” ဟု God’s Hand Forces တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဖောက်ခွဲတိုက်ခိုက်ခံရသည့်နေရာသို့ စစ်ကောင်စီတပ်မှ စစ်ကားများဖြင့် ရောက်ရှိကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီ ခန့်ကလည်း စစ်ကောင်စီလက်အောက်ခံ မင်္ဂလာဒုံမြို့မရဲစခန်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး အမှုစစ်ရုံး အဆောက်အအုံ ပျက်စီးခဲ့ကာ ထိခိုက်မှုများရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ တော်လှန်ရေး အင်အားစု - UMCD တာဝန်ရှိသူက မဇ္ဈိမကို ပြောကြားသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required