ပါကစ္စတန်၏ ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်မှု ဖြစ်နိုင်ခြေအလားအလာ စိုးရိမ်စရာအဆင့်ကို ရောက်နေဟု ဘဏ္ဍာရေးဝန်ကြီးဟောင်း ပြော

By Paksitan Today
08 December 2022
ပါကစ္စတန်၏ ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်မှု ဖြစ်နိုင်ခြေအလားအလာ စိုးရိမ်စရာအဆင့်ကို ရောက်နေဟု ဘဏ္ဍာရေးဝန်ကြီးဟောင်း ပြော

ပါကစ္စတန်နိုင်ငံ၏ ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်မှုဖြစ်နိုင်ခြေ အလားအလာက အန္တရာယ်ရှိသော အဆင့်တစ်ခုကို ရောက်ရှိနေကြောင်းနှင့် နိုင်ငံသည် ကြွေးဆပ်ရန် ပျက်ကွက်မှု ဖြစ်လုနီးပါး အခြေအနေတွင် ရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဟောင်း မစ်ဖ်တာ အစ္စမေးလ်က နိုဝင်ဘာ ၂၇ ရက်က ပြောကြားသည်။

ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ပါတီ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည့် မစ်ဖ်တာ အစ္စမေးလ်က လူမှုကွန်ရက်ဝက်ဘ်ဆိုဒ် တွစ်တာတွင် အထက်ပါ သတိပေးစကားကို ပြောကြား လိုက်ခြင်းဖြစ်သည်။

“အကောင်းဆုံး ဒေါ်လာနှုန်းက ဘယ်လောက်လဲဆိုတာ ကျွန်တော် မသိပါဘူး။ အဲဒါကို ဈေးကွက်ကပဲ အဆုံးအဖြတ် ပေးနိုင်ပါလိမ့်မယ်။ မနှစ်တုန်းက သွင်းကုန်တွေဟာ ဒေါ်လာ ၈၀ ဘီလီယံဖိုးအထိ ရှိခဲ့ပြီး ပို့ကုန် တန်ဖိုးကျတော့ ဒေါ်လာ ၃၁ ဘီလီယံပဲ ရှိခဲ့တယ်။ လက်ရှိဘဏ္ဍာရေးဝန်ကြီး အစ်ရှာ ဒါးရဲ့ နံပါတ်တစ် ဦးစားပေးက သွင်းကုန်တွေကို ပိုတန်ဖိုးနည်းစေအောင်နဲ့ ပို့ကုန်တွေကို ပိုခက်ခဲအောင် လုပ်ဖို့ မဖြစ်သင့်ပါဘူး” ဟု အစ္စမေးလ်က တွစ်တာတွင် ရေးသည်။

“ဒီဇင်ဘာ Sukuk ငွေချေးစာချုပ်တွေကို ပေးဆပ်ပြီးနောက်ပိုင်းမှာတောင်မှ ဒေဝါလီခံရနိုင်ခြေ အလားအလာက လျော့မသွားပါဘူး။ ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (ပီတီအိုင်) အစိုးရဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ သဘောတူညီချက်ကို မလိုက်နာခဲ့ပါဘူး။ ဒါကြောင့်လည်း ကြွေးမြီပြန်ဆပ်ဖို့ ပျက်ကွက်မှု ဖြစ်နိုင်ခြေ အလားအလာ မြင့်တက်ခဲ့တာဖြစ်တယ်” ဟု မစ်ဖ်တာ အစ္စမေးလ်က ရေးသည်။

“ကျွန်တော်တို့အနေနဲ့ ဘယ်လို စွန့်စားမှုမျိုးကိုမှ လုပ်လို့မရနိုင်ပါဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ကြွေးရှင်တွေအတွက် ထိရောက်ပြီး လက်တွေ့ကျမယ့် မဟာဗျူဟာတွေ ချမှတ်ဖို့ လိုပါတယ်။ နိုင်ငံရေး သဘောကွဲလွဲမှုူတွေထက် နိုင်ငံအကျိုးစီးပွားကို ဦးစားပေးသင့်တယ်။ အစိုးရအနေနဲ့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ မလုပ်ဘူးဆိုရင် ပီတီအိုင်ကို ဝေဖန်နိုင်မယ့် အနေအထားတစ်ခုမှာ ရှိမှာ မဟုတ်ဘူး။ ၂၀၁၃ ကနေ ၂၀၁၈ ခုနှစ်အကြားမှာ ပို့ကုန်တင်ပို့မှုပိုင်းမှာ ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းတာကို တွေ့ခဲ့ရတယ်။ အဲဒါက စာရင်းရှင်စာရင်းအတွက် ကြီးမားတဲ့ လိုငွေပြမှုဖြစ်စေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ပီတီအိုင်အစိုးရဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ သဘောတူညီချက်အတိုင်း မလိုက်နာခဲ့ဘူး။ စီးပွားရေးဟာ ကြီးမားတဲ့ ကျဆင်းမှုနဲ့ ကြုံခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ခက်ခဲတဲ့ လုပ်ဆောင်ချက်တွေ လုပ်ခဲ့ရပြီး သူတို့နဲ့ သဘောတူညီချက်သစ်တစ်ရပ် လက်မှတ်ထိုးခဲ့ရတယ်” ဟု အစ္စမေးလ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required