အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အုပ်ချုပ်ပြီးနောက် ကလေးများ၏ ပညာသင်ယူ၊ အောင်မြင်နိုင်မည့် အခွင့်အလမ်းများ ကျဆင်း

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အုပ်ချုပ်ပြီးနောက် ကလေးများ၏ ပညာသင်ယူ၊ အောင်မြင်နိုင်မည့် အခွင့်အလမ်းများ ကျဆင်း

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ ယမန်နှစ် ဩဂုတ်လလယ်က ပြန်လည်အာဏာရပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေက ပိုဆိုးလာခဲ့ပြီး အဆိုပါနိုင်ငံတွင် ကလေးငယ်များ၏ ပညာသင်ယူမှုနှင့် အောင်မြင်နိုင်မည့် အခွင်အလမ်းများနှင့်ပတ်သက်ပြီး အမြင်သဘောထား အလားအလာများကလည်း ၂၄ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ကြောင်း နိုင်ငံတကာ စစ်တမ်းကောက်ယူသည့် Gallup အဖွဲ့၏ စစ်တမ်းတစ်ရပ်က ဖော်ပြသည်။

အာဖဂန်၌ နိုင်ငံရေး ကသောင်းကနင်း ဖြစ်ပြီးနောက် တစ်နှစ်အကြာတွင် အာဖဂန်ပြည်သူတို့သည် ၎င်းတို့ ကိုယ်တိုင်နှင့် အနာဂတ် မျိုးဆက်များအတွက် ထားရှိသည့် မျှော်မှန်းချက်များကို စွန့်လွှတ်ခဲ့ရကြောင်း စစ်တမ်းတွေ့ရှိချက်များကို ကိုးကားပြီး Khaama Press က ဖော်ပြသည်။

အာဖဂန်ပြည်သူ ၅ ပုံ ၁ ပုံ အောက် (၁၉ ရာခိုင်နှုန်း) ကသာလျင် ၂၀၂၂ ခုနှစ်အတွင်း ၎င်းတို့၏ ပညာသင်ယူမှုစနစ် သို့မဟုတ် စာသင်ကျောင်းများအပေါ် ကျေနပ်အားရမှု ရှိနေသည်ဟု စစ်တမ်းတွင် လေ့လာတွေ့ရှိခဲ့ရာ Gallup က ၁၆ နှစ်အတွင်း စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံအားလုံးတွင် ထုတ်ဖော်ခဲ့သမျှအနက် အနိမ့်ဆုံးသော ကျေနပ်အားရမှု အတိုင်းအတာဖြစ်နေသည်။

နိုင်ငံတွင် ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုတို့က ပျံ့နှံ့ပေါ်ပေါက်နေစဉ် နိုင်ငံ၏ အနာဂတ်မျိုးဆက်ဖြစ်သည့် ကလေးများအတွက် အခြေအနေက ယိုယွင်းဆိုးရွားလျက် ရှိပြီး ကလေးတချို့သည် ငွေကြေးပစ္စည်းဥစ္စာအတွက် အတင်းအကျပ် လက်ထပ်ပေးစားခြင်းခံနေရသလို ကလေးလုပ်သားအဖြစ် အတင်းအကျပ် ခိုင်းစေခံနေရသူများလည်း ရှိနေသည်။

ကလေးများသည် ဂုဏ်သိက္ခာအညီ သို့မဟုတ် ၎င်းတို့ ရသင့်ရထိုက်သော လေးစားမှုဖြင့် ဆက်ဆံခံရသည်ဟု အာဖဂန်ပြည်သူ ၂၇ ရာခိုင်နှုန်းခန့်ကသာလျှင် ယုံကြည်ကြကြောင်း စစ်တမ်းလေ့လာချက်များတွင် တွေ့ရှိရသည်။ အမျိုးသား၊ အမျိုးသမီး ခွဲခြားဖိနှိပ်ခံရမှု သတင်းများနှင့်အတူ အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှ မရှိမှုကလည်း တိုးလာကြောင်း Khaama Press က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly