စီးပွားရေးတိုးမြှင့်ရေးအတွက် ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖြေလျှော့ပေးရန် တရုတ်စီးပွားရေးပညာရှင်များ တိုက်တွန်း

စီးပွားရေးတိုးမြှင့်ရေးအတွက် ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖြေလျှော့ပေးရန် တရုတ်စီးပွားရေးပညာရှင်များ တိုက်တွန်း

တရုတ်နိုင်ငံ မြို့ကြီးတချို့တွင် ကန့်သတ်ချက်များ ဆက်လက်ဖြေလျှော့နေစဉ်တွင် လူသိများထင်ရှားသော စီးပွားရေးပညာရှင်တချို့က နိုင်ငံတွင်း၌ချမှတ်ထားသည့် တင်းကျပ်သော ဗိုင်းရပ်စ်တိုက်ဖျက်ရေးမူဝါဒများကို ထပ်မံဖြေလျှော့ပေးရေးအတွက် လတ်တလော ငြင်းခုံဆွေးနွေးလျက်ရှိကြောင်း ကွန်မြူနစ်ပါတီကထိန်းချုပ်သော မီဒီယာများက ဖော်ပြကြသည်။

‘ကိုဗစ်-၁၉ ကပ်ရောဂါစဖြစ်တဲ့ ၂၀၂၀ ခုနှစ်မှာ ရောဂါကူးစက်မှုတွေ ပြင်းထန်တာကြောင့် အစိုးရဟာ ရောဂါပျံ့နှံ့မှု ထိန်းချုပ်ဖို့နဲ့ ပြည်သူတွေရဲ့အသက်တွေကို ကယ်ဖို့ ပြတ်ပြတ်သားသားနဲ့ အချိန်မီ စီမံချက်တွေ ချမှတ်ခဲ့ပါတယ်” ဟု ကျန်းဂျွန်နှင့် ရန်းဇီပင်းအပါအဝင် ထိပ်တန်းစီးပွားရေးပညာရှင်များက ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး နိုင်ငံပိုင်မီဒီယာကလည်း အကျယ်တဝင့်ကိုးကားဖော်ပြခဲ့သည်။

“ဗိုင်းရပ်စ်က အိုမီခရွန်အဆင့်ရောက်ချိန်မှာ ကူးစက်မှုမြင့်မားပေမယ့် ရောဂါဖြစ်ပွားနိုင်စွမ်းက အားပျော့ လာပါတယ်။ ဒါဟာ ရောဂါထိန်းချုပ်မှုအစီအမံတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အခွင့်အရေးပေး လိုက်တာပါ” ဟု ဆောင်းပါး၌ ဖော်ပြထားပြီး စီးပွားရေးပညာရှင်များဖြစ်သည့် ဝမ်ယောင်ယန်း၊ ဟွမ်ယီပင်း၊ လျန်ကျန်ကျန်းနှင့် ကွမ်ရှင်းယိုတို့ကလည်း လက်မှတ်ရေးထိုးထောက်ခံခဲ့ကြသည်။

ရောဂါစီမံခန့်ခွဲမှုသည် ဇန်နဝါရီလတွင် ကူးစက်မှုမြင့်မားမှုအတွက်သတ်မှတ်သော A အဆင့်မှတင်းကျပ်မှု လျော့နည်းသော B အဆင့်သို့ လျှော့ချဖွယ်ရှိသည်ဟု အမည်မဖော်ပြထားသော တရားတင်သတင်းရင်းမြစ် ၂ ခုကို ကိုးကားဖော်ပြထားသည်။

မြို့ပေါင်း ၁ ဒါဇင်ထက်မနည်းတွင် တင်းကျပ်သော ကန့်သတ်ချက်များအပေါ် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးပြည်သူများသည် တရုတ်၏ အာဏာရှင်ဆန်သောအစိုးရကို ဆန့်ကျင်ကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိသည့် သင်္ကေတအဖြစ် စာရွက်လွတ်များကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီးနောက် တစ်ပတ်ခန့်အကြာတွင် ယခုဆောင်းပါးထွက်ပေါ်လာခြင်းဖြစ်သည်။

သာမန်ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအား မကြုံစဖူး အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့စေခဲ့သော စီးပွားရေးအပေါ်ကြီးမားသောအကျိုးသက်ရောက်ကိုလည်း စီးပွားရေးပညာရှင်များက သတိပေးခဲ့ကြသည်။

သိပ္ပံပညာရှင်များသည် အစုလိုက်အပြုံလိုက် စမ်းသပ်မှုအပါအဝင် ကန့်သတ်ချက်များ ဖြေလျှော့ရေးအတွက် ဖြစ်နိုင်ခြေလေ့လာမှုများ လုပ်ဆောင်သင့်ကြောင်းလည်း ဆောင်းပါးတွင် အကြုပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly