အမေရိကန်က အရှေ့အလယ်ပိုင်းမှ ဆုတ်ခွာချိန်တွင် တရုတ်က အာရပ်နှင့်ဆက်ဆံရေးခိုင်မာရန် ကြိုးပမ်း

အမေရိကန်က အရှေ့အလယ်ပိုင်းမှ ဆုတ်ခွာချိန်တွင် တရုတ်က အာရပ်နှင့်ဆက်ဆံရေးခိုင်မာရန် ကြိုးပမ်း

တရုတ်က အရှေ့အလယ်ပိုင်းတွင် ပထဝီနိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွား ရှာမည်မဟုတ်ကြောင်း လာမည့် သီတင်းပတ်၌ ဆော်ဒီအာရေဗျတွင်ကျင်းပမည့် တရုတ်-အာရပ်ထိပ်သီးအစည်းအဝေးပွဲသို့ ခေါင်းဆောင် ရှီကျင့်ဖျင်၏ ခရီးစဉ်မတိုင်မီ ပြောကြားလိုက်သည်။

‘ခေတ်သစ်တွင် တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစီရင်ခံစာ’ဟူသော တရားဝင် စာတမ်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အာရပ်ဒေသအတွက် တရုတ်၏ မူဝါဒအခြေခံစည်းမျဉ်းများကို ဖော်ပြခဲ့သည်။

အမေရိကန်ထွက်သွားပြီးနောက် ဩဇာလွှမ်းမိုးမှုလစ်ဟာနေမှုကို တရုတ်က ဖြည့်ဆည်းချင် နေသည်ဟူသော အချက်ကို အစီရင်စာက ငြင်းဆိုထားပြီး ပါလက်စတိုင်း၊ ဆီးရီးယား၊ ယီမင်၊ လစ်ဗျားနှင့် ဆူဒန်တို့ အပါအဝင် ပဋိပက္ခဇုန်များအပေါ် တရုတ်၏ ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့သည်။

ဒေသတွင်း လုံခြုံရေးပြဿနာများကို ဖြေရှင်းရေးအတွက် စည်းလုံးညီညွတ်စွာ လုပ်ဆောင်ရန် ဒေသတွင်းနိုင်ငံများအား တရုတ်နိုင်ငံက ပံ့ပိုးကူညီမည်သာဖြစ်ပြီး ဒေသခံပြည်သူများအား ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လွတ်လပ်စွာနှင့် ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်နိုင်ရန် ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်ကထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့အကြား တင်းမာမှုများရှိနေချိန် အမေရိကန်က မဟာဗျူဟာမြောက်အလေားထားမှုအားအရှေ့အလယ်ပိုင်းမှဆုတ်ခွာစဉ်မှာ ယခုအစီရင်ခံစာ ထွက်ပေါ် လာခြင်းဖြစ်သည်။တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်တွင် စတင်ရန် စီစဉ်ထားသည်။

အာရပ်နိုင်ငံများကလည်း တရုတ်နိုင်ငံ၏ စိုးရိမ်စရာပြဿနာများကို အထူးသဖြင့် ရှင်ကျန်းရှိ မွတ်စလင်လူနည်းစုများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ထောက်ခံခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

တရုတ်က ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ် ဗျူဟာမြောက်အလေးထားကြောင်း အစီရင်ခံစာတွင် အလေးပေးဖော်ပြထားသလို အရှေ့အလယ်ပိုင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံက တရားမျှတမှုကို လက်ကိုင်ထားသည်ဟုလည်း ဆိုထားသည်။

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) သည် အာရပ်နယ်မြေများတွင် စွမ်းအင်နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းပေါင်း၂၀၀ ကျော်ဖြင့် လုပ်ဆောင်လျက်ရှိသည်။

တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆိုက်ဘာလုံခြုံရေးအတွက် အာရပ်နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ပြီး ဒေသတွင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေး

ထိန်းသိမ်းမှုတွင် ဆက်လက်ပါဝင်ဆောင်ရွက်ရင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှုသင်တန်းများ ပေးရန် အခွင့်အလမ်း တစ်ခုလည်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly