တရုတ်ရဲများသည် ညသန်းခေါင်တွင် အိမ်များသို့ သွားရောက်ကာ တားမြစ်ထားသော အက်ပ်ပလီကေးရှင်းများ ကို အသုံးပြုမှုရှိမရှိကို သိရှိစေရန် ဖုန်းများကို ရှာဖွေခြင်းနှင့် ရဲစခန်းများတွင် စစ်ဆေးမေးမြန်းရန် ခေါ်ယူထားပြီး ၂၄ နာရီကျော်ကြာ ထိန်းသိမ်းထားကြောင်း Washington Post က ဖော်ပြလိုက်သည်။
တရုတ်အာဏာပိုင်များသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း နိုင်ငံတစ်ဝန်းတွင် ပျံ့နှံ့ခဲ့သော ဆန္ဒပြမှုများကို တိတ်တဆိတ် ရပ်တန့်ရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဥယုံမုချီမြို့တွင် နိုဝင်ဘာ ၂၄ရက်က တိုက်ခန်းမီးလောင်မှုနှင့် ပတ်သက်ပြီး အစိုးရ၏ တုံ့ပြန်မှုကို မကျေနပ်ခြင်း ကြောင့် တရုတ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ခြေရာခံပြီး နောက်ထပ်စုဝေးပွဲများ မတက်ရန် ပြောကြားခဲ့ကြောင်း ဆန္ဒပြသူများ၊ ထိန်းသိမ်းခံထားရသော ဆန္ဒပြသူများ၏ ဆွေမျိုးများနှင့် ရှေ့နေများကို ကိုးကား၍ Washington Post က ဖော်ပြခဲ့သည်။
ဆန္ဒပြမှု ၆ ခုတွင် ပါဝင်ခဲ့သဖြင့် စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံရသူများကိုလည်း Washington Post က တွေ့ဆုံ မေးမြန်းခဲ့သည်။
အမည်မဖော်ဘဲ ပြောကြားသူအားလုံးက အာဏာပိုင်များက ဖမ်းဆီးမည်ကို ကြောက်ရွံ့နေကြသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့်ပတ်သက်၍ တရုတ် အာဏာပိုင်များက တိုက်ရိုက်ပြောခြင်း မရှိသေးပေ။
လွတ်လပ်စွာ ပြောဆိုခွင့်၊ တရားဥပဒေစိုးမိုးရေးနှင့် တစ်ပါတီနိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့ကို တရုတ် ပြည်သူများက တောင်းဆိုခဲ့ကြသည်။
Human Rights Watch မှ တရုတ်သုတေသီ ယာချိဝမ်က တရုတ်နည်းဗျူဟာများတွင် အခြေအနေများပေါ် မူတည်၍ လျှို့ဝှက်ပြီး အလွန်ရက်စက်သည့် နည်းလမ်းများကို အသုံးပြုကြောင်း The Washington Post က ဖော်ပြခဲ့သည်။