ပါကစ္စတန်တွင် အကြမ်းဖက်မှု အန္တရာယ်ကို မကြာမီ ရှင်းလင်းမည်ဟု ပြည်ထဲရေးဝန်ကြီး ပြော

By The Print
05 December 2022
ပါကစ္စတန်တွင် အကြမ်းဖက်မှု အန္တရာယ်ကို မကြာမီ ရှင်းလင်းမည်ဟု ပြည်ထဲရေးဝန်ကြီး ပြော

ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုလုပ်ရပ်များ ဖြစ်ပွားမှု မြင့်တက်နေကြောင်း ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနာအူလာက ဒီဇင်ဘာ ၁ ရက်တွင် ဝန်ခံသော်လည်း များမကြာမီ နိုင်ငံ၌ အကြမ်းဖက်မှု၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်။

ပါကစ္စတန်တာလီဘန်ဟု သိကြသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့မှ စစ်သွေးကြွများသည် ယခုနှစ် ဇွန်လက အစိုးရနှင့် သဘောတူထားသည့် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ပြန်လည် ရုပ်သိမ်းပြီးနောက် နိုဝင်ဘာ ၃၀ ရက်က ကွက်တာမြို့၌ ရဲတစ်ဦး အပါအဝင် လူသုံးဦး သေဆုံးသည့် အသေခံတိုက်ခိုက်မှုကို လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြီးနောက်တွင် ဆာနာအူလာက သတင်းစာ ရှင်းလင်းပွဲတစ်ရပ်၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတွင် အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်နေခြင်းက စိုးရိမ်ဖွယ်ရာ ဖြစ်သော်လည်း ထိန်းချုပ်၍ မရနိုင်သည့် အခြေအနေအထိ ရောက်လိမ့်မည် မဟုတ်ကြောင်း ဆာနာအူလာက ပြောသည်။

“ဒါက ပူပန်စရာ မဟုတ်ပါဘူး။ ခင်ဗျားတို့အနေနဲ့ ဒါကို ထိန်းချုပ်လို့ ရမှာ မဟုတ်တော့ဘူး ဒါမှမဟုတ် တချို့ အဖွဲ့တွေက လက်လှမ်းမမီအောင် ဖြစ်လာလိမ့်မယ်ဆိုပြီး တွေးမနေပါနဲ့” ဟု ဆာနာအူလာက ပြောသည်။

ကွက်တာမြို့၌ ဖြစ်ပွားသော အသေခံတိုက်ခိုက်မှုဖြစ်စဉ်အတွက် TTP အဖွဲ့က တာဝန်ခံထုတ်ဖော်ခြင်းက စိုးရိမ်စရာ ကောင်းသလို ထိုလုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချထိုက်ကြောင်း ဆာနာအူလာက ပြောသည်။ ထို့ပြင် TTP အဖွဲ့၏ လုပ်ရပ်များက ဒေသ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ဖြစ်စေသလို အိမ်နီးချင်း အာဖဂန်နစ္စတန် အတွက်လည်း စိုးရိမ်ပူပန်စရာ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required