နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၆ ဒီဇင်ဘာ ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၆ ဒီဇင်ဘာ ၂၀၂၂ )

အမျိုးသားညီညွတ်ရေး အစိုးရ

· အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ခွင့်လွှတ်ပေးစရာ၊ နားလည် ပေးစရာတစ်ကွက်မှမရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြော ကြားသည်။

· အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို မဖြစ်မနေ လုပ်ဆောင်မည်ဟု ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

· ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူတွေ ပိုမိုလုံခြုံစေရန် ဆုံးရှုံးမှုများ မဖြစ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တာဝန်ရှိသည်ဟု ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

· တမူးမြို့တွင် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့မှုမှာ ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ နှင့်ဆန့်ကျင်နေပြီး ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

· သြစတြေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့၊ အကောက်ခွန်ရုံးရှေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဖဲကြိုးဖြူ လှုပ်ရှားမှုကို ဒီဇင်ဘာ ၄ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး သြစတြေးလျနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေ တက်ရောက်ဟောပြောခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn က မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကြေညာထားခဲ့သော်လည်း ယခုအခါ အဆိုပါလာရောက်မည့်

အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ဖော် ပြောဆိုသည်။

· နီပေါနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် အကြမ်းဖက် စစ်တပ်က သေဒဏ် ချမှတ်ခဲ့သော မြန်မာ ကျောင်း သားများ နှင့် အတူရပ်တည်နေကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့၌ နီပေါကျောင်းသား သမဂ္ဂက ကျောင်း သားများက အကြမ်းဖက် မြန်မာ စစ်အုပ်စု၏ လုပ်ဆောင်ချက်ကို ကန့်ကွက်ကြောင်း မြန်မာသံရုံး ရှေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ အထက(ခွဲ)ကံကောင်းဟောင်းက CDM မူလတန်းပြဆရာ ဦးထက်မြတ်အောင်ကို ဒီဇင်ဘာ ၂ ရက်က စစ်ကောင်စီက အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့မှုအပေါ် ကန့်ကွက်ကြောင်း ခရမ်းမြို့နယ် အခြေခံပညာရေးလုပ်သားများသမဂ္ဂက ကြေညာလိုက်သည်။

· ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်း နှင့် ဂန္ဓမာလမ်းထောင့်ရှိ ယာဥ်ထိန်းရဲရုံးကို ဒီဇင်ဘာ ၆ ရက်၊ နံနက် ၆ နာရီ ကျော်ခန့်က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျား တပ်ဖွဲ့ဖြစ်သော War Of Hunter Revolution Force - WOH မှ ဗိုလ်တွတ်ပီက ပြောသည်။

· ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီအဖွဲ့အား ယမန်နေ့ ဒီဇင်ဘာ ၅ ရက်၊ ည ၈ နာရီခန့်တွင် မြို့ပြပြောက်ကျားအဖွဲ့ သုံးဖွဲ့ပေါင်း၍ ဗုံးခွဲတိုက်ခိုက် ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အင်အားစု (UMCD) ၏ ထုတ်ပြန်ချက်အရ သိရသည်။

· နေပြည်တော်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်မှ အဖွဲ့ဝင် ကိုဘုန်းမြတ်ကိုမှာ စစ်ကြောရေးတွင် ကျဆုံးသွားကြောင်း ကိုဘုန်းမြတ်ကိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

· အကြမ်းဖက်စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် "ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှပ်ကြ"၊ "ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍ မရ" ကြွေးကြော်သံများဖြင့် ဒီဇင်ဘာလ ၆ ရက်တွင် ၆၃၅ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းတွင် ဒီဇင်ဘာ ၆ ရက်၊ နံနက်အစောပိုင်းက အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အရုဏ်ဦး သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ဆုံးရှုံးခဲ့ရသည့် မီးဘေးသင့်ပြည်သူများအတွက် တဲအိမ်များ ဆောက်လုပ်ပေးလျက်ရှိကြောင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။

· စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နများကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၆ ရက်တွင် ဝင်ရောက်၍ ပြည်သူ့နေအိမ်များကို အတန်းလိုက် မီးရှို့ဖျက်ဆီးနေပြီး နများကျေးရွာမှ ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာရွာကို အင်အား ၁၀၀ ခန့်ပါသော ခြေ မြန် တပ်ရင်း ၃၉၆ နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီဇင်ဘာ ၅ ရက်၊ နံနက်ပိုင်းတွင် တတိယအကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် (၂၄)လုံးပြာကျသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

· စစ်ကိုင်းတိုင်းအတွင်းရှိ အရာတော် - မုံရွာလမ်းပိုင်းကို ယာယီ အသုံးမပြုကြရန် အရာတော် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒီဇင်ဘာ ၅ ရက်တွင် အသိပေးချက် ထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယနေ့ ဒီဇင်ဘာ ၆ ရက်၊ နံနက် ၇ နာရီအချိန်ခန့်မှစ၍ ကျေးရွာသုံးရွာကို မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာ အကြမ်းဖက်စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်း တပ်စခန်းကို ဒီဇင်ဘာ ၆ ရက်၊နံနက် ၅ ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း M7 People’s Defence Army ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တ‌လေး လမ်းပိုင်း မုံရွာမြို့အဝင် ရေဦးဆန်ဆိုင် အနီးရှိ ပြည်သူ့ပိုင် အဆောက်အဦ တစ်ခုတွင် တပ်စွဲထားသော စစ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက ဒီဇင်ဘာ ၅ ရက်၊ နံနက်ပိုင်းက PDF တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ပျူစောထီးအားကောင်းရာ တောပုကျေးရွာကို ဒီဇင်ဘာ ၅ ရက်၊ ည ၁၀ နာရီခန့်က ဒေသတွင်းတော်လှန်ရေးအဖွဲ့များက လက်နက်ကြီးများဖြင့် ၂နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area 71PDF Monywa အဖွဲ့ တာဝန်ခံက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာ အနီးတွင် ဒီဇင်ဘာ ၄ ရက်၊ မွန်းလွဲ ၁ နာရီခန့်က အကြမ်းဖက်စစ်တပ်က လူငယ်နှစ်ဦးကို PDF ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း PDF Kalay ထံမှ သိရသည်။

· မန္တလေးတိုင်း၊ ငါန်းဇွန်မြို့တွင် စစ်ကောင်စီ၏ ဂိတ်စခန်းတစ်ခုကို ဒီဇင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက ဒေသကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့များပူးပေါင်း၍ ၄၀ မမဖြင့် သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၆)၊ တပ်ခွဲ(၂)က သတင်းထုတ်ပြန်ထားသည်။

· မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ စစ်တပ်လုံခြုံရေးကင်းတဲဂိတ်ကို ဒီဇင်ဘာ ၅ ရက်၊ ညနေပိုင်းက လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defense Force -NMD က ပြောသည်။

· မန္တလေးတိုင်း၊ တံတားဦးလေဆိပ်တွင် အကြမ်းဖက်စစ်တပ်က ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီး သားသော KBC အကြံပေး ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ဒီဇင်ဘာ ၅ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း သိရသည်။

· မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးကို ဒီဇင်ဘာ ၄ ရက်က စစ်ကောင်စီ လက်ပါးစေများက သတ်ဖြတ်လိုက်ကြောင်း မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· ပဲခူးတိုင်း၊ ဝေါမြိုနယ်၊ ကန်တော်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာ ၅ ရက်၊ နံနက် ၆ နာရီခန့်က လက်လုပ်မိုင်းပေါက် ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· လက်ရှိ နိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိနေသော ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အားလုံးပါဝင်သည့် မျက်နှာစုံညီ အစည်းအဝေးတစ်ခု ယခုနှစ်ကုန်တွင် ဖြစ်ပေါ်လာရေး အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ကြိုးစားနေကြောင်း PPST ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

· ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေနယ်မြေအတွင်းရှိ တပ်မဟာ(၆)ခု၌ နိုဝင်ဘာလ အတွင်း တိုက်ပွဲပေါင်း (၂၉၀ )ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၃၃၃)ဦးသေဆုံးကာ (၂၇၃ ) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့မှ (၃၀)ဦး ကျဆုံးကာ (၆၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထုတ်ပြန်ချက်အရ သိရသည်။

· ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့တောင်ဘက်ရှိ ဒေါခမီးကျေးရွာအနီးတောင်ပေါ်တွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ ရက်၊ နံနက်ပိုင်းမှ ဒီဇင်ဘာ ၆ ရက်၊ နံနက်အစောပိုင်းထိ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒီးမော့ဆို PDF ထံမှ သိရသည်။

· ကရင်နီ(ကယား)ပြည်နယ်အတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးပြီး ၄ ယောက် အရှင်ဖမ်းဆီးခံခဲ့ရကြောင်း KNDF ၏ ပြောဆိုချက်ကို ကိုးကားပြီး DVB သတင်းဌာနတွင် ဖော်ပြထားသည်။

· ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ နယ်မြေကို ဒီဇင်ဘာ ၁ ရက်က ပြန်လည်ရယူပြီး နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေးများ ပြုလုပ်နေတုန်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) အဖွဲ့က ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KRU ဘက်က ထုတ်ပြန်သည်။

· ချင်းပြည်နယ်၊ ဟားခါးအခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၆၆)တပ်ရင်းမှ စစ်ကောင်စီတပ်သား သုံးဦး ချင်းဒေသကာကွယ်ရေးတပ်-ဆဲန်ထန် (CDF-Senthang) ထံသို့ ပူးပေါင်းလာကြောင်း CDF ဆဲထန်က ယနေ့ ထုတ်ပြန်သည်။

· ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာအနီးတွင် ဒီဇင်ဘာ ၅ ရက်၊ နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးကို KIA ၊ PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် ယင်းနေရာဝန်းကျင်တစ်ဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကောင်စီ

· ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံမည့် အခြေအနေ နှင့်ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV တို့ ဒီဇင်ဘာ ၅ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

· စစ်ကောင်စီက ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တရားသူကြီး နှစ်ဦးကို ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ဒီဇင်ဘာ ၅ ရက်က အမိန့်ထုတ်ပြန်ခဲ့သည်။

· မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် တတိယအကြိမ် ရုရှား-မြန်မာအစိုးရချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင် ရာ ကော်မရှင်အစည်းအဝေးအား ဒီဇင်ဘာ ၅ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး ရုရှား-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်စာတမ်း ၇ ခုအား မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

· နိုင်ငံကူးလက်မှတ် အရေးပေါ်လိုအပ်သူများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန ထောက်ခံချက် ၊ စာရွက်စာတမ်း အချက်အလက်များနှင့်အတူ ၁ ရက်ကြိုတင်ပြီး မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေး ရေးရုံး (ရန်ကုန်) တွင် လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေး အဖွဲ့က ထုတ်ပြန်ထားသည်။

· ရုရှားနိုင်ငံက ခရီးသွားများအနေဖြင့် ပင်လယ်ကမ်းခြေများကို ကြိုက်နှစ်သက်ပြီး ငပလီကမ်းခြေကိုလည်း အထူးနှစ်သက်ကြသည်ဟု စစ်ကောင်စီခန့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါက်တာဌေးအောင်က ဒီဇင်ဘာ ၄ ရက်က ငပလီကမ်းခြေတွင် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်)နှင့် တွေ့ဆုံရာတွင် ပြောသည်။

· စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အငယ်တန်းစာရေး ရာထူး (၅၀) နေရာ ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ် စာမေးပွဲများအား ဖြေဆိုအောင်မြင်သည့် ပုဂ္ဂိုလ်များစာရင်း ယနေ့ ကြေညာခဲ့ကြောင်း သိရသည်။

· ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ် (Q1) ဖြစ်သည့် ဧပြီ၊ မေ နှင့် ဇွန်လအတွင်း အခွန်အရပ်ရပ် ကောက်ခံ ခြင်းမှ ကျပ် (၁,၆၇၃) ဘီလီယံကျော် ရရှိထားကြောင်း စစ်ကောင်စီ လက်အောက်ခံ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

· အခုဘဏ္ဍာနှစ် ဧပြီ(၁)ရက်ကနေ နိုဝင်ဘာ(၁၈)ရက်အထိ နယ်စပ်ဂိတ်တွေကနေ ဘင်္ဂလားဒေ့ရှ်ကို ပို့ကုန် အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

· စစ်ကောင်စီ မြန်မာအမျိုးသားလေကြောင်းကနေ ရန်ကုန် -ချင်းမိုင် အသွားအပြန်ခရီးစဉ်သစ်ကို လာမည့် ဒီဇင်ဘာ(၉)ရက်ကနေ စတင်ပြီး (၁)ပတ်ကို(၂)ကြိမ် ပျံသန်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

· ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း ဒီဇင်ဘာ ၆ ရက်ကစပြီး အများပြည်သူများ ဆိုင်ကယ်စီးနင်း မောင်းနှင်ခွင့် တရားဝင်ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး များက ရပ်ကွက် အတွင်း လှည့်လည်သတိပေးခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဒီဇင်ဘာ ၆ ရက် သုံးသပ်ချက်

· စစ်ကောင်စီသည် ခုခံတော်လှန်နေသူများကို ဖမ်းဆီးရမိတိုင်း ရက်ရက်စက်စက် နှိပ်စက်ပြီး သတ်ဖြတ် မှုများကို ပြုလုပ်နေပြီး သေဒဏ်ချမှတ်မှုကိုလည်း နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုလာ သည်ကို တွေ့ရသည်။

· တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ စိုးမိုးနယ်မြေများဖြစ်သည့် ကရင်နီ၊ ကရင်ပြည်နယ်အပါအဝင် အညာဒေသများတွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်က အထိနာသေဆုံးမှုများရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly