အမေရိကန်၏ ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာကောင်းသည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံပါဝင်

အမေရိကန်၏ ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာကောင်းသည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံပါဝင်

တရုတ်၊ အီရန်၊ ရုရှား၊ မြန်မာ၊ မြောက်ကိုရီးယားနိုင်ငံတို့ကို ဘာသာရေးလွတ်လပ်ခွင့်အား ဆိုးရွားစွာ ချိုးဖောက် သည့် နိုင်ငံများစာရင်းသို့ ဒီဇင်ဘာ ၂ ရက်တွင် ထည့်သွင်းလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားသည်။

အမေရိကန်၏ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အက်ဥပဒေအရ အဆိုပါ နိုင်ငံများစာရင်းတွင် ပါဝင်သည့် နိုင်ငံများအနေဖြင့် ဘာသာရေးလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဆိုးရွားစွာချိုးဖောက်မှုတွင် ပတ်သက်နေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အယ်လ်ဂျီးရီးယား၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ ကားမရို့စ်နှင့် ဗီယက်နမ်နိုင်ငံတို့ကို စောင့်ကြည့်စာရင်း နိုင်ငံများတွင် ထည့်သွင်းထားသည်။

ဆီးရီးယား၊ အာဖရိကနှင့် ယူကရိန်းနိုင်ငံတို့တွင် လှုပ်ရှားနေကြသည့် ပြည်သူစစ်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုရှားအစိုးရနှင့် မိတ်ဖက်ဖြစ်သည့် Wagner Group အပါအဝင် အဖွဲ့အစည်းအများအပြားသည်လည်း ဘာသာရေးလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စိုးရိမ်ရသည့်နိုင်ငံများစာရင်းတွင် ပါလာသည်။ ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် Wagner Group ၏ လုပ်ဆောင်မှုများကြောင်း အဆိုပါစာရင်းတွင် ထည့်သွင်းလိုက်ခြင်း ဖြစ်ကြောင်းလည်း ဘလင်ကန်က ပြောကြားသည်။

“အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ယုံကြည်ချက်အသီးသီးရှိကြသူတွေကို နှောက်ယှက်၊ ခြိမ်းခြောက်၊ ထောင်ချ၊ သတ်ဖြတ်မှုတွေကို လုပ်ဆောင်နေပါတယ်။ အမေရိကန်အနေနဲ့ ဒီလိုလုပ်ရပ်တွေကို မထောက်ခံနိုင်ပါဘူး” ဟု ဘလင်ကန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စာရင်းမှ ဖယ်ရှားရန် တိကျခိုင်မာစွာ လုပ်ဆောင်နေသည့် အစိုးရအားလုံး လုပ်ဆောင်ချက်ကို အမေရိကန်အစိုးရက ကြိုဆိုသွားလိမ့်မည်ဟု ဘလင်ကန်က ပြောကြားခဲ့သည်။

ဆန္ဒပြသူများကို ရက်စက်စွာနှိမ်နှင်းနေသည့် အီရန်အစိုးရကို အမေရိကန်က ဖိအားများ ပိုမိုပေးလာခဲ့သည်။ အီရန်အစိုးရအတွက် ၁၉၇၉ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး စိန်ခေါ်မှုများတွင် အပါအဝင်ဖြစ်သည့် ယခုဆန္ဒပြမှုများအတွင်း အမျိုးသမီးများက အီရန်၏ ရှေးရိုးစွဲ ဝတ်စားမှုပုံစံတွင် မပါမဖြစ် ဦးခေါင်းခြုံထည်များကို ဝှေ့ယမ်း မီးရှို့ခဲ့ကြသည်။

မလျော်မကန် ဝတ်ဆင်မှုအတွက် အဖမ်းခံခဲ့ရသည့် အသက် ၂၂ အရွယ် ကာ့ဒ်အမျိုးသမီး မာရှာအမ်မီနီ စက်တင်ဘာ ၁၆ ရက်က အကျဉ်းထောင်အတွင်း သေဆုံးပြီးနောက် စတင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများတွင် သေဆုံးသူ ၃၀၀ ကျော်နှင့် ဖမ်းဆီးခံရသူ ၁၄၀၀၀ ဦး ရှိသွားပြီဖြစ်သည်။

အီရန်တွင် လူအများစုဖြစ်သည့် ရှီးအိုက် မွတ်စလင်များက ဘာသာရေးအရ လူနည်းစုများကို နှောက်ယှက် စော်ကားမှုများ ရပ်တန့်ရန်နှင့် ဘာသာရေးကို အသုံးချကာ အခြေခံလူ့အခွင့်အရေးများအား ကန့်သတ်ထိန်းချုပ်ခြင်းကို ရပ်တန့်ရန်တို့ကို ကုလသမဂ္ဂ၏ ကျွမ်းကျင်သူများက တောင်းဆိုခဲ့သည်။

အမေရိကန်က ယခုထုတ်ပြန်ခဲ့သည့် နိုင်ငံများစာရင်းတွင် ကျူးဘား၊ အယ်ရစ်ထရီးယား၊ နီကာရာဂွါ၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ တာဂျကစ္စတန်နှင့် တာ့မင်နစ္စတန်တို့လည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly