ဘီဘီစီ သတင်းထောက် ဖမ်းဆီးခံရပြီးနောက် ဗြိတိန်က တရုတ်သံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်

ဘီဘီစီ သတင်းထောက် ဖမ်းဆီးခံရပြီးနောက် ဗြိတိန်က တရုတ်သံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်

တရုတ်၏ ကိုဗစ်-၁၉ လုံးဝကင်းစင်ရေးမူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအကြောင်း သတင်းယူသည့် ဘီဘီစီ သတင်းထောက်ကို ဖမ်းဆီးပြီးနောက် ဗြိတိန်က တရုတ်သံအမတ်ကြီးအား ဆင့်ခေါ် သတိပေးလိုက်သည်။

ရှန်ဟိုင်းမြို့တွင် အက် လောရင့်ကို ဖမ်းဆီးအပြီးတွင် တရုတ်သံအမတ်ကြီးကျန်းကျီကွမ်အား နိုင်ငံခြားရေးရုံးသို့ နိုဝင်ဘာ ၂၉ရက်က ဆင့်ခေါ်ခဲ့ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလယ်ဗယ်ရီက အလွန်စိတ်ပျက်စရာ ကောင်းကြောင်း ပြောကြားခဲ့သည်။

"မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ဖို့က အလွန် အရေးကြီးပါတယ်" ဟု ရိုမေးနီးယားတွင် ကျင်းပသည့် နေတိုး အစည်းအဝေးတွင် ကလယ်ဗယ်ရီက သတင်းထောက်များအား ပြောကြားခဲ့ပြီး ကျန်းကို ဆင့်ခေါ်ထားကြောင်း အတည်ပြု ပြောကြားခဲ့သည်။

“အနှောက်အယှက်ကင်းကင်း၊ တိုက်ခိုက်မှုကို မကြောက်ဘဲ အလုပ်လုပ်နိုင်ဖို့က သတင်းသမားတွေအတွက် အလွန် အရေးကြီးပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

မကြာသေးမီရက်များအတွင်း တရုတ်ကို လှုပ်ခတ်သွားစေခဲ့သော ကိုဗစ်ကန့်သတ်ချက်များအား ဆန့်ကျင်သည့် ဆန္ဒပြမှုအကြောင်း ရိုက်ကူးနေစဉ် လော့ရင့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

နာရီပေါင်းများစွာ ထိန်းသိမ်းထားပြီး ပြန်မလွတ်မီ ရဲများက ရိုက်နှက်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဆိုသည်။

ဂျာနယ်လစ်များအပေါ် ဆက်ဆံပုံနှင့် ပတ်သက်၍ ဗြိတိန်၏ ပြစ်တင်ဝေဖန်မှုကို တရုတ်က ပြန်လည်တုံ့ပြန်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ရုံးက ကိုဗစ်ဆန္ဒပြသူများအား လေးစားရန် ရဲများအား တိုက်တွန်းခဲ့သည်။

"ဗြိတိန်က တရုတ်ရဲ့ ကိုဗစ်မူဝါဒ ဒါမှမဟုတ် တခြားပြည်တွင်းရေးကိစ္စတွေကို စီရင်ဆုံးဖြတ်ခွင့်မရှိပါဘူး" ဟု သံရုံးပြောရေးဆိုခွင့်ရှိသူက သံအမတ်ကြီးအား ဆင့်ခေါ်ခြင်းမခံရမီတွင် ပြောကြားခဲ့ပြီး ဗြိတိန်တွင် ကိုဗစ် ကြောင့် သေဆုံးမှုနှုန်းမြင့်မားနေသည်ကို သတိပြုမိကြောင်းလည်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required