တရုတ်က စစ်အင်အားတောင့်တင်းရေး ပြည်ပအခြေစိုက်စခန်းများတည်ဆောက်ရန် ကြိုးပမ်းနေ

တရုတ်က စစ်အင်အားတောင့်တင်းရေး ပြည်ပအခြေစိုက်စခန်းများတည်ဆောက်ရန် ကြိုးပမ်းနေ

တရုတ်သည် စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများပါဝင်သည့် တိုက်ခိုက်ရေးတပ်ဖွဲ့နှင့်အတူ အရေအတွက် အားဖြင့် ကမ္ဘာ့အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်ထားပြီး တရုတ်စစ်တပ် အင်အားတောင့်တင်းစေရေးအတွက် ခိုင်မာသော ပြည်ပအခြေစိုက်စခန်းများတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပင်တဂွန်အစီရင်ခံစာ ယခင်လတွင် ဖော်ပြခဲ့သည်။

တရုတ်စစ်တပ်သည် အဓိကရေပေါ်တိုက်သင်္ဘော ၁၄၅ စင်းထက်မနည်းအပါအဝင် သင်္ဘောနှင့် ရေငုပ်သင်္ဘော ၃၅၅ စင်းနီးပါးရှိသော တိုက်ခိုက်ရေးတပ်ဖွဲ့ဖြင့် အရေအတွက်အားဖြင့် ကမ္ဘာ့အကြီးဆုံး ရေတပ်ရှိသည်ဟု ပင်တဂွန်၏ ၂၀၂၂ ခုနှစ် တရုတ်စစ်အင်အား အစီရင်စာတွင် ဖော်ပြထားသည်။

တရုတ်စစ်တပ်သည် ၂၀၀၉ ခုနှစ်နောက်ပိုင်း အိန္ဒိယသမုဒ္ဒရာတွင် နေရာယူလာကြောင်း ကာကွယ်ရေး လေ့လာသုံးသပ်သူ ပရာကက်ရှ်ပန်နာဆဲလ်ဗမ်က Diplomat မဂ္ဂဇင်းတွင် ရေးသားထားသည်။ တရုတ်ရေငုပ်သင်္ဘောများသည် ၂၀၁၃ ခုနှစ်ကတည်းက အိန္ဒိယသမုဒ္ဒရာတွင် ရှိနေကြပြီး ပင်လယ်ဓားပြတားဆီးရေးအတွက် တပ်ဖြန့်ထားခြင်းဖြစ်ကြောင်း အကြောင်းပြချက်ပေးခဲ့သည်။

တရုတ်စစ်တပ်သည် ခေတ်မီသောကဏ္ဍစုံပလက်ဖောင်းများဖြင့် ဖွဲ့စည်းထားကြောင်း ပင်တဂွန်၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ တရုတ်စစ်တပ်သည် မကြာမီ မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်များကို အသုံးပြုလျက် ရေငုပ်သင်္ဘောနှင့် ရေပြင်ပေါ်ရှိတိုက်ခိုက်ရေးယာဉ်များမှ မြေပြင်ပစ်မှတ်များကို တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်နိုင်သည့် စွမ်းရည်ရှိလာမည်ဖြစ်ကာ တရုတ်နိုင်ငံ၏ ကမ္ဘာ့အင်အားဖြန့်ကြက်မှုစွမ်းရည်ကို တိုးမြှင့် လာစေနိုင်သည်။

တရုတ်သည် လေယာဉ်တင်သင်္ဘောများနှင့် ဒုံးကျည်တပ်ရေငုပ်သင်္ဘောများကို ကာကွယ်ပေးမည့် ရေငုပ် သင်္ဘောတိုက်ဖျက်မှုစစ်ဆင်ရေးစွမ်းရည်များကို တိုးမြှင့်နေကြောင်း ပင်တဂွန်အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် အလှမ်းဝေးသောအကွာအဝေးများ၌ စစ်အင်အား ဖြန့်ကြက်ထားရှိရန် ခိုင်မာသော ပြည်ပထောက်ပံ့ပို့ဆောင်ရေးနှင့်အခြေစိုက်အခြေခံအဆောက်အအုံများ ထပ်မံတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။ ဂျီဘူတီအခြေစိုက်စခန်းအပြင် တရုတ်နိုင်ငံသည် ရေ၊လေ၊ မြေပြင်၊ ဆိုက်ဘာနှင့်အာကာသ အင်အား ဖြန့်ကြက်ရာတွင် အထောက်အပံ့ဖြစ်စေရန် စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို ထပ်မံတည်ဆောက်ရန် လုပ်ဆောင်လျက်ရှိကြောင်း ပင်တဂွန်က ဆိုသည်။

တရုတ်သည် ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကင်ညာ၊ ဆေးချဲလ်၊ တန်ဇန်းနီးယား၊ အန်ဂိုလာနှင့် တာဂျစ်ကစ္စတန် အပါအဝင် နိုင်ငံအများအပြားကို တရုတ်စစ်စခန်းများအတွက် တည်နေရာအဖြစ် စဉ်းစားထားဖွယ်ရှိသည်ဟု ပင်တဂွန်အစီရင်ခံစာ၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly